ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ် ၉ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း စိုးမိုးထိန်းချုပ်ထားပြီလို့ NUG ရဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၆ နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း)နဲ့ ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေ၊ ဂိတ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး KNLA PDF SOF ဒရုန်းပူးပေါင်းတပ်ဖွဲ့တို့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ပူးပေါင်းစစ်ဆင်ရေးကာလအတွင်း ကော့ကရိတ်တောင်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ ကော့နွဲ့စခန်းနဲ့ လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်၊ ကော့ကရိတ်မြောက်ခြမ်းရှိ အမှတ် ၃ ဂိတ်၊ အာရှလမ်းပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်းမှာ တပ်စွဲထားတဲ့ အထိုင်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါ့အပြင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့နေရာ၊ တောင်ကြာအင်းရဲစခန်း၊ အာရှလမ်းပေါ်က ရေကူးကန်စခန်းနဲ့ ဆီဆိုင်ဂိတ်စခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဘားအံ-မြဝတီ (အာရှလမ်းပိုင်း)နဲ့ ကော့ကရိတ်မြို့ပေါ် ဧရီယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားလျက်ရှိတယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ထုတ်ပြန်အသိပေးထားပါတယ်။
ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ချအညံ့ခံသူဦးရေ ၁၄ ဦးရှိပြီဖြစ်ပြီး ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူအများအပြားနဲ့ လက်နက် ၄၆ လက်ကို သိမ်းပိုက်ရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၇ ဦးကျဆုံးခဲ့တာပါ။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃ ဦး အသက်ဆုံး ရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး နေ့ စဉ်ပစ်ခတ်လျက်ရှိသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူလူထုပစ္စည်းတွေကိုလည်း ခိုးယူလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူထောင်ချီ ရှောင်တိမ်းနေခဲ့ရပြီး KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ MOD ရဲ့ ပြည်သူလူထုလုံခြုံရေးဌာနတို့ ပူးပေါင်းကာ ကူညီထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-ကျားဖြူစစ်ကြောင်း