မင်းပြား၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ အစိတ်အပိုင်းအများစုကို သိမ်းပိုက်ရရှိထားပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မင်းပြားမြို့မှာ တစ်ခုတည်းကျန်ရှိတဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုး စစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီး အမြောက်အမြား အသုံးပြုခုခံနေပေမယ့် လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုလုံး အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ AA က အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က စစ်ကူပို့လွှတ်လိုက်တဲ့ တပ်အင်အား ၆၀ ဝန်းကျင်ကျန်ရှိတဲ့ စစ် ကြောင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ် ၄ စီးနဲ့ ရမ်းဗြဲမြို့ထံ စစ်ကူပို့လွှတ်လိုက်တဲ့ တပ်အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း တိုက်ခိုက်ချေမှုန်းခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦး သေဆုံးသွားပြီလို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့က ပူးပေါင်းစစ်ကူစစ်ကြောင်းဖြစ်ပြီး ကျန်ရှိတဲ့တပ်ဖွဲ့ဝင်တွေကို AA က လိုက်လံချေမှုန်းနေတယ်လို့ အသိပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA