မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇

ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်လာပြီးနောက် မွန်ပြည်နယ် မော်လမြိုင်ဈေးကွက်အတွင်း မီးလင်းအခေါက်ရွှေ ရောင်းဝယ်တာတွေမလုပ်ဖို့ စစ်ကောင်စီဘက်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေတွေတရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာ၊ ဒေသတွင်း ရွှေဝင်ရွှေထွက်ကွားခြာမှုရှိတာအပြင် ရွှေဈေးနှုန်းမြင့်တက်လာအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရောင်းအ ဝယ်လုပ်ဆောင်ခွင့် ပိတ်ပင်ထားတာပါ။

လက်ရှိမှာလည်း စသုံးလုံးအပါအဝင် စစ်ကောင်စီဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ရွှေလုပ်ငန်းရှင်တွေနဲ့ ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကို နေ့စဉ်အမျှ ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အဲလိုစစ်ဆေးရာမှာလည်း စစ်ကောင်စီဘက်က နေ့စဉ် ဆိုင်အတွင်း ရွှေရောင်းချနိုင်မှု အခြေအနေတွေ၊ ရွှေဝင်ရွှေထွက် အသေးစိတ်အခြေအနေတွေကအစ မေးမြန်းစစ်ဆေးတာတွေ ပြုလုပ်နေသလို ထပ်ခါထပ်ခါ ခေါ်ယူစစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အခေါက်ရွှေတွေကို ရောင်းဝယ်ခွင့် ပိတ်ပင်ထားပေမယ့် ၁၄ ပဲရည် ၊ ၁၅ ပဲရည်နဲ့ ဘတ်ရွှေတွေကို အရောင်းဝယ် ခွင့်ပြုပေးထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အခေါက်ရွှေရောင်းဝယ်မှု ပိတ်ပင်မှုကြောင့် ဈေးကွက်အတွင်း တခြားရွှေဈေးနှုန်းတွေကလည်း ဆက်လက်မြင့်တက်လာပြီး အရောင်းအဝယ် သိသိသာသာကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းရွှေဈေးကွက်မှာ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၉ သိန်း ၅ သောင်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်နေတာပါ။

ပြည်တွင်းရွှေဈေးနှုန်းဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်က ရွှေဈေးကွက်ကို ထိန်း ချုပ်ဖို့ ကြိုးပမ်းတာ၊ မူဝါဒအမှားတွေကြောင့် ဈေးနှုန်းမတည်ငြိမ်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.