ကိဗ်၊ ဖေဖော်ဝါရီ ၂၇ 

ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၁၀၀၀ ကျဆုံးခဲ့ရပြီး ရုရှားစစ်တပ်ရဲ့ အစီအစဉ်ရေးဆွဲမှုတွေကို အထောက်အကူဖြစ်စေနိုင်တဲ့အတွက် ဒဏ်ရာရရှိထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ထိခိုက်သေဆုံးမှု အရေအတွက်ကို ယူကရိန်းရာရှိတွေက လူသိရှင်ကြား ဖော်ပြတာမရှိဘဲ တခြား ခန့်မှန်းချက်တွေက ဇီလန်စကီးပြောတဲ့ အရေအတွက်ထက်တောင် ပိုများနေတယ်လို့ ဆိုထားတာပါ။

ယူကရိန်းကို ပေးပို့မယ့် အနောက်တိုင်းအကူအညီအားလုံးရဲ့ ထက်ဝက်လောက် ကြန့်ကြာနေတာ ကြောင့် နယ်နိမိတ်တွေနဲ့ အသက်တွေ ဆုံးရှုံးနေရတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပြီးနောက်ပိုင်း သေဆုံးမှုစာရင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

သမ္မတဇီလန်စကီးက ယူကရိန်းစစ်သားသေဆုံးမှုအရေအတွက် ရုရှားဘက်က ပုံကြီးချဲ့ဖော်ပြ နေတာကြောင့် အခုလိုအမှန်တကယ် သေဆုံးမှုအရေအတွက်ကိုထုတ်ပြောရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားသိမ်းယူထားတဲ့ ယူကရိန်းနယ်မြေတွေမှာ သေဆုံးသွားတဲ့ အရပ်သား ထောင်နဲ့ချီပြီးရှိနေသလို အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ သမ္မတ ဇီလန်စကီးက ပြောပါသေးတယ်။

စစ်ပွဲအတွင်း ကျဆုံးသွားတဲ့ ယူကရိန်းစစ်သား ၇ သောင်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀,၀၀၀ ရှိတယ်လို့ အမေရိကန်အရာရှိတွေကတော့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ခန့်မှန်းဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလအတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်တွေမှာတော့ ရုရှားစစ်သား ၃၅၀၀၀၀ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားသလို ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားစစ်သား ၁၈၀၀၀၀ သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အနောက်တိုင်းရဲ့ အကူအညီတွေ အချိန်ကိုက်ရောက်မလာတာကြောင့် မိမိတို့ဘက်မှာ ထိခိုက်မှု ပိုများနေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

ယူကရိန်းကိုအကူအညီပေးပို့ရေး အမေရိကန်လွှတ်တော်က သဘောတူညီမှာရယူဖို့ အခက်ကြုံ နေချိန်မှာ ဥရောပက သူတို့ပေးထားတဲ့ ကတိတွေအတိုင်း ယူကရိန်းကို အကူအညီပေးပို့ဖို့ ပျက်ကွက်နေတာဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.