စေတုတ္တရာ – ဖေဖော်ဝါရီ ၂၆
မကွေးတိုင်း၊စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၁၀၃ လုံးမီးလောင်ခဲ့ ကာ ပြည်သူတွေလည်း ရွာမှာမနေရဲတောဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ပြည်သူပိုင်နေအိမ်တွေကို စေတုတ္တရာမြို့မရဲစခန်း၊စေတုတ္တရာ ကပစ ၂၀၊ စေတုတ္တရာ ကင်းပွန်းခြုံဂိတ်က စစ်ကောင်စီတပ်သားတွေနဲ့ စေတုတ္တရာမြို့နယ်အတွင်းက ပျူစောထီးတွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ။
စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“စေရာကတပ်ကော ရဲကော ပျူကော ပေါင်းပြီး လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းဝင်လာ တာ။ တစ်ရွာလုံးကိုမီးရှို့သွားပြီး ခုတော့ လက်ပံကျင်းမှာအောင်ပွဲခံနေတယ်” လို့ပြောပါတယ်။
အခုမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာတုန်းကလည်း ပထမအကြိမ်ဝင်ရောက်ခဲ့ဖူးတယ်လို့ သိရပြီး လက်ရှိမှာတော့ အဲဒီစစ်ကြောင်း ဟာ တခြားရွာတွေကို စစ်ကြောင်းထိုးနိုင်သေးတဲ့အတွက် အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေး နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မင်းဘူးခရိုင်အတွင်းက စလင်းနဲ့ စေတုတ္တရာမြို့နယ်တွေမှာရှိတဲ့ ကင်းပွန်းခြုံ၊ကျွဲဦး အပါအဝင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးထားတာကြောင့် အရပ်သား ၁၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – စေတုတ္တရာမြို့နယ်အတွင်း စစ်ကောင်စီမီးရှို့ဖျက်ဆီးထားပုံ (ပုံအဟောင်း)