ပွင့်ဖြူ – ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီမကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးငွေညှစ် တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က တိုက်ခိုက်ခံရတာဖြစ်ပြီး ကားတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

“ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါပဲ။ မျက်မြင်တွေနဲ့ နောက်ဆက်တွဲသတင်းတွေအရတော့ ကားမှန်တွေအက်သွားတာရှိတယ်။ ကားနောက်ပိုင်းလည်းထိခိုက်သွားတယ်”လို့သူက ပြောပါ တယ်။

ပွင့်ဖြူမြို့နယ် ပ.က.ဖရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုကို ဆင်ဖြူကျွန်းကိုသွားမယ့် အစီး ၂၀ ပါယာဉ်တန်းကို ပွင့်ဖြူမြို့နယ် ရှောက်တာကျေးရွာ ကျားနှစ်ကောင် ဘုန်းကြီးကျောင်းဘေးက ကားလမ်းမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဟာ ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးကာ ငွေညှစ်နေ တယ်လို့သိရပြီး တချို့ကို သိန်း ၂၀ နဲ့ပြန်ရွေးခိုင်းတဲ့အထိရှိနေသလို လက်ရှိအချိန်ထိလည်း မြို့နယ်အတွင်းမှာ စစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း ပွင့်ဖြူ-စလင်း လမ်းပိုင်းက ပွင့်ဖြူ-ရှောက်တော တံတားမှာ စစ်ကောင်စီတပ်လိုက်ပါလာတဲ့ကားကို ပွင့်ဖြူ ပ.က.ဖနဲ့ မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်းတို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပွင့်ဖြူမှာ ဒေသခံ ၁၂၀ ကျော်ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက်လာသေးတယ်လို့ ဒေသတွင်းအချက်အလက်တွေအရ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.