ဒီးမော့ဆို ၊ ဖေဖော်ဝါရီ ၇

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့က စစ်ရှောင်စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ် ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ ကရင်နီပြည်နယ်အ တိုင်ပင်ခံကောင်စီ KSCC က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒေါဆီအီကျေးရွာအခြေစိုက် မူလတန်းကျောင်းနဲ့ အလယ် တန်းကျောင်းကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီဟာ ဒေါဆီအီ ရွာကစာသင်ကျောင်းတွေကိုတိုက်ခိုက်ပြီးနောက် လွိုင်နန်းဖကျေးရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းကိုထပ်မံထိမှန်ခဲ့ပြီးကျောင်းဆရာမ ၂ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးထားပါသေးတယ်။

ဒါ့အပြင် လွိုင်နန်းဖကျေးရွာ ဘုရားကျောင်း၊ဆေးပေးခန်းနဲ့ စစ်ဘေးရှောင်စခန်းက နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ KSCC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေလည်းမရှိတဲ့ နေရာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးပြဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို KSCC က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချတယ်လို့ အသိပေးထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ မနေ့က ဒီးမော့ဆိုကို လေကြောင်းပျံသန်းမှုမရှိခဲ့ဘူးလို့ လိမ်လည်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၄၀၀၀ ကျော်သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.