မြောက်ဦး ၊ ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်က မြို့နယ်တချို့ရှိ စစ်ကောင်စီရဲ့ ဒေသအခြေစိုက်တပ်ရင်းတွေထဲက တစ်ဝက်တပျက် သိမ်းပိုက်ဖို့သာ ကျန်ရှိနေသေးတဲ့ ခမရတပ်ရင်းတချို့ကို အပြီးသတ်ရယူနိုင်ဖို့ ဆက်လက်ထိုး စစ်ဆင်နေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ ညသန်းခေါင်မှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲသတင်းမှာ AA နဲ့စစ်ကောင်စီတို့ရဲ့ ရခိုင်ဒေသအတွင်း တိုက်ပွဲတွေဟာ အရင်ရက်တွေနည်းတူ ဆက်လက်ပြင်းထန်နေဆဲလို့ ဆိုပါတယ်။

AA အနေနဲ့ မြောက်ဦး၊ကျောက်တော်၊ မင်းပြားမြို့က စစ်ကောင်စီရဲ့ ဒေသအခြေစိုက်တပ်ရင်းတွေ တပ်မဌာနချုပ် အမြောက်တပ်စခန်းတွေနဲ့ ရဲတပ်ရင်းဌာနချုပ်တွေကိုပါ မဟာဗျူဟာမြောက်စွာ တ ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်က ဒေသခံတွေဆီ သံလွင်တိုင်းမ်က မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီက တယ်လီဖုန်းလိုင်းတွေအားလုံးကို ဖြတ်တောက်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း ကျောက်တော်အခြေစိုက် ခမရ (၅၃၉) ၊ ခမရ (၃၇၄) အပြင် အမှတ် (၃၇၇) အမြောက်တပ်ရင်းအပါအဝင် မင်းပြားအခြေစိုက် ခမရ (၃၈၀) နဲ့ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်း တွေကို AA က အလုံးစုံသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ရခိုင်ဒေသရဲ့ စစ်ဆင်ရေးတွေကို ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နှစ်ပတ်‌ကျော်လောက်မှသာ စတင်ခဲ့ရပြီး AA အနေနဲ့ မိမိတို့ရည်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို တစ်ဆင့်ချင်း အ ကောင်ထည်ဖော်နေတယ်လို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်မှာ ထုတ်ပြောထားပါတယ်။

စစ်ရေးအရ ရခိုင်ဒေသတစ်ခုလုံးကို AA က နဂိုသတ်မှတ်ထားတဲ့အတိုင်း ရည်ရွယ်ဆုံးဖြတ်ထားတဲ့အတိုင်း ပြီးပြည့်စုံအောင်ထိန်းချုပ်ရယူနိုင်ဖို့ ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမယ်လို့ AA စစ် ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က BBC ကို ဖြေကြားထားပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ရေးအရ သတ်မှတ်ထားတဲ့ ရည်ရွယ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခကို တယ်လီဂရမ်ကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.