သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ကိုတို့ကို ဖမ်းဆီးထားတယ်လို့ တောင်ညိုစစ်ကြောင်းက ဖေ ဖော်ဝါရီ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်တို့ကို ဖမ်ဆီးစဉ် AK သေနတ် ၃ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၂ တောင့်၊ M 16 သေနတ် ၁ လက်နဲ့ 38 ဗို့ ဆုံလည်ခြောက်လုံးပြူး ၁ လက်ပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဖမ်းဆီးခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်တို့ကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ တောင်ညိုစစ်ကြောင်းဘက်က တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။

တောင်ညိုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအဝင် ၅ ဦးကို သူပိုင်ဆိုင်တဲ့ ရော်ဘာခြံမှာ ခြံရှင်းနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ရော်ဘာခြံလုပ်သားတွေဖြစ်တဲ့ ဦးမြဝင်း၊ ဦးစိုးမင်း၊ ကိုမော်ကွန်းတို့ကို ဇန်နဝါရီ ၃၀ ရက်နေ့က ကရုပ္ပိကျေးရွာထံ လာရောက်ပို့ဆောင်ပေးခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ကိုတို့ကို ဆက်လက်ဖမ်းဆီးထားတာပါ။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တို့ကို ဘယ်လိုဆက်လက် လုပ်ဆောင်မသွားမလဲဆိုတာ သံလွင်တိုင်းမ်က တောင်ညိုစစ်ကြောင်းထံ သဘောထား မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ဖမ်းဆီးခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးလည်းဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခြင်းမရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.