ဘီးလင်း၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် ဝင်းတာပန်စခန်းအတွက် စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာချ ပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တွေထံက သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဝင်းတာပန်စခန်းအတွက် မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ လာရောက်ချပေးခဲ့တာပါ။

စစ်ကောင်စီဘက်က လာရောက်ချပေးသွားတဲ့ ပစ္စည်းတွေထဲမှာ လက်ပစ်ဗုံး ၅၀ လုံး၊ ကျည်အတောင့် ၄၀၀၀ ၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတချို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

တော်လှန်ရေးရဲတော်တစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီ လေယာဉ်နဲ့ လာချပေးတဲ့ ခဲယမ်းပစ္စည်းတွေဟာ စစ်ကောင်စီတပ်စခန်းထဲ မရောက်ဘဲ တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ နေရာအတွင်း ကျရောက်ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ဝင်းတာပန်စခန်းအတွက် စစ်ကောင်စီတပ် လေယာဉ်နဲ့ လာရောက်ပေးတဲ့ လက်နက်ခဲယမ်းတွေ၊ ဆေးဝါးတွေနဲ့ အစားအသောက်တွေကိုလည်း ပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါ သေးတယ်။

ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ KNDO ၊ PDF အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စခန်းမကျရေး အတွက် လက်နက်ကြီးအပြင်လေကြောင်းအသုံးပြု ခုခံနေတာပါ။

ဝင်းတာပန်စခန်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် ဒေသခံနေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးထားသလို ဒေသခံ ၁၆၀၀ ကျော် စစ်ဘေး ရှောင်နေရပြီး နေရပ်မပြန်ကြရသေးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.