မော်လမြိုင်၊ ဖေဖော်ဝါရီ ၄

စပါးဈေးနှုန်း ဆက်လက်မြင့်တက်လာတဲ့အတွက် မွန်ပြည်နယ်ဆန်ဈေးကွက်မှာ တစ်ရက်အတွင်း အရင်ကထက် ဆန်တစ်အိတ်ကို ကျပ် ၄၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ပေါ်ဆန်းတစ်အိတ် ကျပ် ၁၂၁,၀၀၀ သာရှိခဲ့ပေမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျပ် ၁၂၅,၀၀၀ အထိ တစ်အိတ်လျှင် ကျပ် ၄၀၀၀ အထိ ဈေးနှုန်း ခုန်တက်လာတာပါ။ ဒါ့အပြင် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်ကလည်း တစ်အိတ်ကို ကျပ် ၈၀,၀၀၀ ကနေ ကျပ် ၈၃,၀၀၀ ကျော် အထိ ဈေးနှုန်းထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဆန်ရောင်းဝယ်ရေး လုပ်ငန်ရှင်တစ်ဦးကတော့ ဆန်ဈေးနှုန်းဟာ စပါးဈေးနှုန်း မြင့်တက်လာမှုနဲ့အ တူ စပါးသိုလှောင်မှုများလာပြီး ဝယ်ယူဖို့အခက်အခဲကြောင့် ဈေးနှုန်းထပ်မံမြင့်တက်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စပါးဈေးတက်လို့ စပါးရောင်းသမားတွေ မရောင်းဘူး။ စပါးဈေးက စပါးချောက ၃၇ သိန်းကျော် ၃၇ သိန်းခွဲ။ အရင်က ဒီစပါးထွက်တဲ့အချိန်မှာ ၁၈ သိန်းကနေ၂၀ လောက်ပဲရှိတာ။ အခုက ဘယ်လိုမှ စပါးဝယ်လို့မရဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စပါးတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုစရိတ်မြင့်မားတဲ့အတွက် လျော့ချစိုက်ပျိုးတာ၊ ရာသီဥတုနဲ့ သဘာဝဘေးကြောင့် ပျက်စီးတာတွေအပြင် ပိုးမွှားကျရောက်တာတွေကြောင့်လည်း အထွက်နှုန်းနည်းခဲ့တာပါ။

တဖက်မှာတော့ ပြည်တွင်းက မြင့်တက်နေတဲ့ ဆန်ဈေးကွက်နဲ့ ဆန်ဈေးနှုန်းတွေကို ထိန်ချုပ်နိုင်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်က လက်ရှိမိုးစပါးမှ ထွက်ရှိတဲ့ဆန်အသစ် ရည် ညွှန်းဈေးတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ဧရာဝတီပေါ်ဆန်းအမျိုးအစားကို တစ်အိတ်ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၁၀,၀၀၀ အတွင်းရောင်းချဖို့ သတ်မှတ်ပေးထားသလို အခြားပေါ်ဆန်းကိုတော့ ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အတွင်း ရောင်းချဖို့ ရည်ညွှန်းဈေး သတ်မှတ်ထားတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်မရှိမဖြစ် စားသောက်နေရတဲ့ ဆန်ဈေးနှုန်းတွေဟာ ဆက်တိုက်ကြီးမြင့်လာတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ဖြစ်သလို စားသောက်နေထိုင်နေရသလို တချို့တွေအနေနဲ့ ထမင်းတစ်နပ်လျော့စားနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.