ပါရီ ၊ ဖေဖော်ဝါရီ ၄

လုံခြုံရေးအမြင့်မားဆုံးချထားတဲ့ အကျဉ်းထောင်ကနေ အိပ်ယာခင်းတွေ ပူးချည်ပြီး နံရံကို ကျော်တက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အီတလီမာဖီးယားခေါင်းဆောင်တစ်ဦးကို ပြင်သစ်နိုင်ငံမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

အီတလီနိုင်ငံတောင်ပိုင်း ပူဂလီယာဒေသက ဂါဂနို မာဖီးယားဂိုဏ်းရဲ့ အသက် ၄၀ အရွယ် ခေါင်းဆောင် မာကိုရာဒူအာနိုဟာ သူ့ရဲ့ချစ်သူလို့ ယူဆရတဲ့ အမျိုးသမီးအဖော်တစ်ဦးနဲ့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ ကော်ဆီကာကျွန်း ဘက်စတီယာမြို့မှာ ညစာစားနေချိန် ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ကိုဖမ်းဆီးခဲ့သူတွေဟာ ဆယ်စုနှစ် သုံးခုနီးပါးကြာအောင် ထွက်ပြေးလွတ်မြောက်နေခဲ့တဲ့ နောက်ထပ် မာဖီးယား ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မက်ဆီနာ ဒီနာရိုကို ဖမ်းဆီးနိုင်ခဲ့တဲ့ မာဖီးယားဖြိုခွင်းရေးတပ်ဖွဲ့ကပဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရာဒူအာနိုဟာ ဥရောပ ရဲတပ်ဖွဲ့ရဲ့ အန္တရာယ်အများဆုံး ဝရမ်းပြေး ၁၀ ဦးစာရင်းမှာ ပါဝင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်က အီလက်ထရွန်းနစ် ခြေရာခံလက်ပတ် ဖြုတ်ပစ်ပြီး နေအိမ်အကျယ်ချုပ် ချခံထားရချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူ့ရဲ့ညာလက်ရုံး ဂီယန်လွီဂီ ထရိုင်အာနိုကိုလည်း ပြန်လည်းဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဂီယန်လွီဂီဟာ သူ့ဆီကိုပေးပို့လိုက်တဲ့ ပါဆယ်ထုတ်တစ်ခုကိုသွားယူချိန်မှာ စပိန်နိုင်ငံ ဂရန်နာဒါမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်မာဖီးယားဂိုဏ်းဖြိုခွင်ရေးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ စပိန်တပ်ဖွဲ့တွေနဲ့ ပြင်သစ်တပ်ဖွဲ့တွေ လည်းပူးပေါင်းပါဝင်ခဲ့တယ်လို့ ကြေညာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ရာဒူအာနိုဟာ အကျဉ်းထောင် ပြတင်းပေါက်ကနေ သူ့ရဲ့ အိပ်ယာခင်းတွေကို ပူးချည်ပြီး ၁၆ စက္ကန့် အတွင်းထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ လုံခြုံရေးကင်မရာတွေမှာ တွေ့ခဲ့ရပါတယ်။

သူ့ကို မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ထောင်ဒဏ် ၂၄ နှစ်၊လူသတ်မှုအတွက် မျက်ကွယ်ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံထားရတာဖြစ်ပါတယ်။

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.