ပုလော၊ ဖေဖော်ဝါရီ၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ခွဲမှူးအပါအဝင် မဟာမိတ်ပူးပေါင်းတပ်က ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းတပ်စ ခန်းကို ဒေသတော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်စခန်းတစ်ခု လုံး အပြီးသတ်တိုက်ခိုက်ချေမှုန်းပြီးနောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ခွဲမှူးအပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း တပ်သား ၁ ဦးအပါအဝင် ပျူစောထီး ၆ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မီးလောင်ချောင်းစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ယာယီသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ် ကောင်စီရဲ့ Mi-2 လေယာဉ်နဲ့ အဆက်အပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုတွေ ဘက်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်ချောင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တပိုကျေးရွာနေ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့သလို ယာဉ်မောင်း ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲကြောင့် ကြဲကျေးရွာနဲ့ မီးလောင်ချောင်းကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ အခုလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁) ထံက သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.