မော်လမြိုင် ၊ ဇန်နဝါရီ ၃၁

မွန်ပြည်နယ်တဝန်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆောင်းသီးနှံနဲ့ နေလှန်းဆားကွင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး အထွက်နှုန်းကျဆင်းသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကစလို့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတဲ့အတွက် မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေတာပါ။

မိုးရွာသွန်းမှုကြောင့် ပြည်နယ်အတွင်း စိုက်ပျိုးထားတဲ့ ဆောင်းသီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးတာ၊ နေလှန်းဆားကွင်းတွေ ပျက်စီးဆုံးရှုံးမှုတွေရှိနေသလို ရော်ဘာခြံတွေကလည်း အစေးမခြစ်နိုင်ဘဲ လုပ်ငန်းတွေ ရပ်နားထားတာရတာပါ။

နေလှန်းဆားတောင်သူတစ်ဦးက မိုးရွာသွန်းမှုကြောင့် ဆားကွင်းအားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီး ဆားကွင်းပြန်လည် ပြုပြင်ရမယ့် အခြေအနေကြောင့် ဆားထွက်နောက်ကျနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆားကွင်းကပျက်တာပေါ့။ ဆုံးရှုံးမှုကတော့ ဆားခွက်ထဲမှာရှိတဲ့ ဆားအားလုံး အရည်ပျော်ကုန်တာပေါ့။ ကြုံးလို့မမှီတဲ့သူတွေအတွက်ကတော့ မိုးရေဝင်ပြီး ပျက်ကုန်တာပေါ့။ ပျက်ကုန်တော့ နေပွင့်တဲ့အခါကျရင် အသစ်ပြန်လုပ်ရတာပေါ့ဗျာ။ ခွက်ကိုအခြောက်ပြန်လှန်း၊ အခြောက်လှန်းပြီးတော့ ဆီပြန်လှိမ့်၊ ၁၀ ရက်လောက် တော့ အနည်းဆုံးကြာသွားမယ်။ အချိန်ကလည်း ကုန်တယ်။ ဆားကလည်း မထွက်နိုင်ဘူး ဖြစ်သွားတာပေါ့။ စရိတ်လည်း အများကြီးကုန်သွားတာပေါ့”လို့ ဆိုပါတယ်။

နေလှန်ဆားလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း အချိန်အခါမဟုတ် နေရာကွက် ကျား မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အခုအခါမှာတော့ ဒုတိယအကြိမ် ဆားကွင်းပျက်စီးတွေနဲ့ ကြုံနေရတာပါ။

အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မိုးရာသီအလွန် စိုက်ပျိုးထားတဲ့ ဆောင်းရာသီ သီးနှံဖြစ်တဲ့ ပဲနဲ့ဟင်းသီးဟင်းရွက်တွေဟာ မိုးဒဏ်ကြောင့် စတင်ထွက်ရှိမယ့် အဖူးအပွင့်တွေ ကြွေကာပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

“အခုဒီမိုးရွာတဲ့တလောမှာ ပွင့်ထားတဲ့ အပွင့်တွေကတော့ မိုးထိသွားလို့ရှိရင် ဒီကောင်တွေပျက်ပြီ။ ဒီတစ်သုတ်သီးမယ့်ကောင်တွေက အကုန်လုံးက ပျက်စီးသွားပြီ။ ဒီမိုးကြောင့် အစိုဓာတ်လေးနည်းနည်း ပြန်ရရင်တော့ ဒီလာမယ့် နောက်တစ်သုတ်တော့ သီးဖို့တော့ရှိတာပေါ့။ အဲဒီမိုးလေးက ဒီလောက်နဲ့ပဲ ရပ်သွားရင်တော့လည်း တော်တော်လေး တော်သေးတာပေါ့။ ထပ်များမယ်ဆိုရင်တော့ အပျက်အစီးက တော်တော်များမယ်”လို့ ပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပဲခင်းတွေ ပျက်စီးခဲ့ရတဲ့အတွက် ဒီနှစ်ပဲရာသီမှာ ပဲထွက်ရှိမှု နောက်ကျနိုင်သလို ပဲအထွက်နှုန်းတွေလည်း ကျဆင်းနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာလည်း မိုးဆက်လက် ရွာသွန်းနိုင်တာကြောင့် ဆားတောင်သူတွေနဲ့ ပဲတောင်သူတွေဟာ အခြေအနေစောင့်ကြည့်မှုတွေ လုပ်ဆောင်နေရပြီး မိုးဆက်လက်ရွာသွန်းပါက ပျက်စီးဆုံးရှုံးမှုတွေ များလာနိုင်တယ်လို့ လည်း တောင်သူတွေက ဆိုကြပါတယ်။

မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဟာ နောက်နှစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တို့မှာလည်း နေရာကွက် ကျား မိုးထစ်ချုန်းရွာနိုင်သေးတယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ဒေသတွင်း နေလှန်းဆားလုပ်ငန်းအနေနဲ့ ဆားကွင်းဧကပေါင်း ၄၂၀၀ ကျော် ရှိသလို ဆောင်းရာသီသီးနှံဖြစ်တဲ့ ပဲ၊ ဟင်းသီးဟင်းရွက်နဲ့ပြောင်းစိုက်ပျိုးမှုကလည်း ဧကပေါင်း ၁၇၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.