တနင်္သာရီ၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၂၆၇ ဦးထက်မနည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရပ်သားသေဆုံးမှုအရ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ သတ်ဖြတ်မှု ၃၆ ရာခိုင်နှုန်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က သတ်ဖြတ်မှု ၂၇ ရာခိုင်နှုန်း၊အမည်မသိလက်နက်ကိုင်အဖွဲ့တွေ သတ်ဖြတ်မှု ၃၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်တဲ့ အရပ်သားသေဆုံးမှုဖြစ်စဉ်တွေမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အလောင်းဖျောက်တာတွေ ရှိသလို လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲစတဲ့ အဖွဲ့အစည်းတွေကလည်း တတ်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ NLD ပါတီ ဝင်တွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပျူစောထီး၊ သွေးသောက်၊ စစ်တပ် သတင်းပေးသူတွေအပါအဝင် အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းအချို့ကိုပါ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တချို့ဖြစ်စဉ်တွေမှာ မှားယွင်းသတ်ဖြတ်ခံရတာ၊ မိသားဝင်တွေပါ ထိခိုက်သေဆုံးတာတွေအပြင် ခရီးသွားပြည်သူတချို့လည်း မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တာတွေရှိခဲ့တယ်လို့ FE5 Tanintharyi က ဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် အ စီရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ် သား ၄၃၀၀ ကျော် သေဆုံးထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.