အယ်လ်ဘူရိတ်ဂျ် ၊ ဇန်နဝါရီ ၁၀

ဂါဇာကမ်းမြောင်ဒေသမှာ အကြီးဆုံးလက်နက်ထုတ်လုပ်ရေး မြေအောက်စက်ရုံတစ်ခု ရှာတွေ့ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီလက်နက်စက်ရုံမှာ မြေအောက်အလုပ်ရုံတွေပါဝင်ပြီး အစ္စရေးမြောက်ပိုင်းက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့အသုံးပြုတဲ့နေရာဖြစ်တယ်လို့ ဆိုထားတာပါ။

မြေအောက်အလုပ်ရုံတွေကနေ ဒုံးကျည်တွေအပြင် မော်တာကျည်ခွံတွေလို ခဲယမ်းမီးကျောက် တွေလည်း ထုတ်လုပ်နေပြီး မြေအောက် ဥမင်လမ်းကြောင်းတွေနဲ့ ချိတ်ဆက်တည်ဆောက်ထား တာ ဖြစ်တယ်လို့ အစ္စရေးက အသိပေးထားပါတယ်။

ဥမင်လမ်းကြောင်းတွေကတဆင့် လက်နက်တွေကို ဂါဇာကမ်းမြောင်ဒေသတဝှမ်း လိုအပ်တဲ့ နေရာတွေဆီ ပေးပို့နေတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်တွေကြောင့် ပျက်စီးနေတဲ့ ကမ်းရိုးတန်းဒေသအလယ်ပိုင်းက အယ်လ်ဘူရိတ်ဂျ်ဒေသမှာ တွေ့ရှိထားတဲ့ မြေအောက်လက်နက်စက်ရုံကို အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ သတင်းထောက်တွေကိုခေါ်ဆောင်ပြီး ပြသထားပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အလားတူမြေအောက်ဥမင်တွေကို အရပ်သားတွေနေတဲ့ နေရာတွေ အောက်မှာ တမင်တည်ဆောက်ထားပြီး တိုက်ခိုက်ရ ခက်ခဲအောင်လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။

အစ္စရေးရဲ့ စွပ်စွဲချက်အပေါ် ဟားမတ်စ်အဖွဲ့က ပယ်ချထားပြီး အစ္စရေးကသာ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို သိမ်းကျုံးတိုက်ခိုက်နေတယ်လို့ ဝေဖန်ထားပါတယ်။

လက်ရှိမှာတော့ ဂါဇာမှာရှိတဲ့ လူဦးရေ ၂ ဒသမ ၃ သန်းထဲက အများစုဟာ နေရပ်စွန့်ခွာထွက် ပြေးနေရပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်လည်း လူ ၂၂၀၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.