မင်းတုန်း – ဒီဇင်ဘာ ၂၇

မကွေးတိုင်း၊သရက်ခရိုင် မင်းတုန်းမြို့နယ်က စစ်ကောင်စီဖမ်းသွားတဲ့ပြည်သူတွေဟာ ဆယ်ရက်ကြာတဲ့အထိ ပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ငပြင်းနဲ့ ရွာသစ်ကျေးရွာက ပြည်သူ ၁၇ ဦးကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားတာပါ။

“အဖမ်းခံရတယ်။နှိပ်စက်တယ်။ခုသူတို့ဝင်နေတဲ့စစ်ကြောင်းမှာဆိုရင် အဖမ်းခံရတဲ့ သူတွေကို လမ်းပြအဖြစ်ပြန်ပြီးခေါ်ဆောင်လာတာတွေရှိတယ်။” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းတလျှောက်က ကျေးရွာတွေဖြစ်တဲ့ ငပြင်းနဲ့ ရွာသစ်ရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သူက ပြောပါသေးတယ်။

အဲဒီလို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ငပြင်းနဲ့ ရွာသစ်ကျေးရွာက ပြည်သူပိုင်နေ အိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းခိုးယူတာ၊စျေးဆိုင်က ပစ္စည်းတွေကို ဖျက်ဆီးတာ၊ လုယူတာနဲ့ ဆိုင်ကယ်တွေကို မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က မင်းတုန်းမြို့နယ် ကြိုဝ ကာမနိုင်ကျေးရွာအနီးကို စစ်ကြောင်းထွက် လာတဲ့ စစ်ကောင်စီ ဖောကားနှစ်စီးကို ဒေသကာကွယ်ရေတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တဲ့လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး အရာရှိအပါအဝင် ၂၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရ ရှိခဲ့တဲ့အတွက် အခုလိုလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းက လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့နေရာ တွေမှာတော့ စခန်းစွန့်ခွာထွက်ပြေးတိမ်းရှောင်တာတွေရှိပေမယ့် တော်လှန်ရေးအားမကောင်းတဲ့ နေရာတွေက ပြည်သူတွေကိုတော့ အနိုင်ကျင့်နှိပ်စက်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါ တယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၆၀၀၀ နီးပါး အထိရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.