ရေဖြူ၊ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသားဖြစ်သူတွေကို ရိုက်နက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဇီးကျကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ထားဝယ်ထောင်သစ် မီးရှို့ဖျက်ဆီးခံရတာ၊ တိုးဂိတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နေ့လည်ပိုင်းမှာ ဒေသခံ ၉၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ် ၇ ဦးကိုတော့ ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်ထံ ခေါ်ဆောင်သွားတာပါ။

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးသွားတဲ့ လူငယ် ၇ ဦးကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးနောက် စစ်ကြောင်းဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ထားဝယ်ထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင်ကို တော်လှန်ရေးအင်အားစုတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာလည်း လမ်းအသုံးပြုခကောက်ခံတဲ့တိုးဂိတ်ကို ဝင်ရောက်မီးရှို့ခဲ့တာပါ။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.