နေပြည်တော် – မေ(၃)

အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ (၃၈) ဦီးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တစ်သက် ပြောင်းလဲကျခံစေခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်လာပါတယ်။

အကျဉ်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)အရ သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်တစ်သက်သို့ ပြောင်းလဲ ကျခံ စေတယ်လို့ ဆိုထားတာပါ။ ဒါပေမယ့် စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အကျဉ်းသား (၃၈) ဦးရဲ့ အမည်နဲ့ သူတို့ရဲ့ အမှုအသေးစိတ်ကို တော့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကဆုန်လပြည့်နေ့မှာ ပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား(၂၁၃၅) ဦးကို ကဆုန်လပြည့်နေ့ အထိမ်း အမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးနောက် သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ် လျှော့ပေါ့ခွင့် ထွက်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှား သံတမန် အဖွဲ့တွေ ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ပြည်သူတွေကြား စစ်ကောင်စီကို မေးခွန်း ထုတ်တာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စစ်ကောင်စီဟာ ထင်ရှားတဲ့နိုင်ငံရေးသမား ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် နဲ့ တခြားအမျိုးသား(၂) ဦးကို သေဒဏ်စီရင်ထားတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က စစ်ကောင်စီရဲ့ လက်ရှိ အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၇၈၉၇) ဦးရှိနေတယ်ဆိုထားပြီး အဲဒီထဲမှာ (၁၁၂) ဦးဟာ သေဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.