မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ် ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “(NUG) ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာကို PDF တွေ ပေါ်တင်ကူးချ”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ပုလဲမင်းသား တယ်လီဝရမ်အကောင့်ကနေ ဧပြီလ(၃)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။ စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ မတ်လအတွင်းမှာ ပထမအကြိမ်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် အစောင့်မရှိသည့်အတွက် စာကိုခိုးချစရာမလိုဘဲ ပေါ်တင်ကူးချနိုင်တာကြောင့် ဖြေဆိုသူအားလုံး All – D ထွက်မှာသေချာသည်”ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ စစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ မတ်လအတွင်းမှာ ပထမအကြိမ်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို PDFရဲဘော်၊ရဲမေတွေက စနစ်တကျနေရာခြားကာ စာမေးပွဲဝင်ရောက်ဖြေဆိုနေကြတဲ့ ဓာတ်ပုံမှတ်တမ်းများကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ဌာန ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပြီး စစ်တပ်လော်ဘီတွေက အဆိုပါဓာတ်ပုံများကိုယူကာ ခိုးချနေသယောင် ဝါဒဖြန့်ရေးသား ဖြန့်ဝေနေတာကို စိစစ်တွေ့ရှိရပါတယ်။
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ဌာန ဒေါနစစ်ကြောင်း သတင်းထုတ်ပြန်ချက် လင့်
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “(NUG) ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာကို PDF တွေ ပေါ်တင်ကူးချ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်