မော်လမြိုင်၊ ဖေဖော်ဝါရီ (၆)

စစ်ကောင်စီအုပ်ချုပ်နေတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ပြည်သူတွေလျှပ်စစ်မီးမှန်မှန်မရရှိပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်တွေအတွက် ဓာတ်အားသွင်းနေရာတွေကို နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ တိုးချဲ့တည်ဆောက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဌတွေ၊ ကော်မတီဝင်တွေ၊ အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်ဝါရီ ၅ရက်က လှိုင်သာယာစက်မှုဇုန်မှာ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အခုလိုပြောခဲ့တာပါ။

လျှပ်စစ်ဓာတ်အား လုံလောက်စွာထုတ်လုပ်နိုင်မယ်ဆိုပါက လျှပ်စစ်ဓာတ်အား အသုံးပြုတဲ့အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုနိုင်ပြီး စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ကာ လျှပ်စစ်ကားတွေတင်သွင်းနိုင်ဖို့ အခွန် လျှော့ချပေးမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ကပြောကြားခဲ့တာပါ။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်တွေအတွက် ဓာတ်အားသွင်းနေရာတွေကို စတင်တည်ဆောက်နေပြီး လူအသုံးများတဲ့လမ်းတွေနဲ့ မြို့ကြီးတွေမှာ တိုးချဲ့တည်ဆောက်သွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အိမ်သုံးလျှပ်စစ်မီးရရှိဖို့တောင်ခက်ခဲတဲ့ မြန်မာ့လက်ရှိအခြေအနေမှာ စစ်ကောင်စီက အမျိုးသားအဆင့် ကြိုးပမ်းဆောင်ရွက်ချက်အနေနဲ့ လုပ်ဆောင်အကောင်အထည်ဖော်မယ်ဆိုတဲ့ လျှပ်စစ်စွမ်းအင်သုံးယာဉ် (Electri vehicle_EV)တွေ တင်သွင်းသုံးစွဲမယ်ဆိုတဲ့ အစီအစဉ်ဟာ လက်တွေ့မြေပြင်နဲ့အလှမ်းကွာဝေးနေတာကြောင့် ဖြစ်နိုင်ခြေနည်းပါးလွန်းတယ်လို့ မော်တော်ယာဉ်လောကမှ ဝါရင့်ပညာရှင်တွေက ပြောဆိုသုံးသပ်ထားပါတယ်။

၂၀၂၁ ဒီဇင်ဘာလကစပြီး နေပြည်တော်အမြန်လမ်းတစ်လျှောက်မှာ စစ်ကောင်စီက လျှပ်စစ်ဓာတ် အားသွင်းဖို့ နေရာတွေ တည်ဆောက်ဖို့အတွက် မြေနေရာတိုင်းတာမှု လုပ်ဆောင်လာတာတွေ တွေ့ရှိလာရတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.