”မှန်တယ် ဦးဆရာ ဒါဟာ ကျွန်တော်တို့ရဲ့ စည်းလုံးမှု အင်အားကို ဖြိုခွင်းပစ်တဲ့ နည်းတစ်ခုဘဲ။ ကိုသိန်းတို့က ကျွန် တော်တို့ကို အစစအရာရာ ကူညီပေးသလို စိတ်ဓာတ်ခွန်အားလေး ပေးတယ် မဟုတ်လား။ ဒါကို သူတို့ မလိုလားလို့ ခုလို လုပ်တာ ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။
ဌေးဝင်း
စိုးသီဟ၏ ပျော်ရွှင် စိတ်ချမ်းသာမှုကား သိပ် ကြာကြာ မခံလိုက်။ ထောင်၏ ထုံးစံအတိုင်း အကျဉ်းသားများ အချင်းချင်း စည်းလုံး ညီညွှတ်မှု ရှိသည်ကို မလိုလားသဖြင့် ပထမဦး သူတို့ အမှုတွဲသုံးယောက်ကို တစ် ယောက်တစ်ခန်းစီ ခွဲထားလိုက်လေသည်။ ထိုသို့ ခွဲထုတ်လိုက်ပြီးနောက် တစ်ပတ်အတွင်း သူတို့အပေါ် အ လွန် ကောင်းလှသော ကို သိန်းထွန်းနှင့် အမှုတွဲ ငါးယောက်ကို နယ်ထောင်များသို့ ပြောင်းရွှေ့ပစ်လိုက်၏။ ထို့ကြောင့် သူ့ခံစားချက်ကို အောင်သီဟအား ယခုလို ပြောပြလေသည်။
”ကိုသိန်းထွန်တို့ကို ထောင်ပြောင်းလိုက်တာ ငါ တော်တော် စိတ်မကောင်းဘူး။ ဝမ်းလည်း နည်းမိတယ်။ အာဏာပိုင် တွေရဲ့ ဒီလုပ်ရပ်ကို ရွံရှာ မုန်းတီးစိတ်တွေလည်း ဖြစ်မိတယ်။ ဒါဟာ သိပ်ကို ကောက်ကျစ်စဉ်း လဲတဲ့ လုပ်ရပ်ဘဲ ရဲဘော်”
”မှန်တယ် ဦးဆရာ ဒါဟာ ကျွန်တော်တို့ရဲ့ စည်းလုံးမှု အင်အားကို ဖြိုခွင်းပစ်တဲ့ နည်းတစ်ခုဘဲ။ ကိုသိန်းတို့က ကျွန် တော်တို့ကို အစစအရာရာ ကူညီပေးသလို စိတ်ဓာတ်ခွန်အားလေး ပေးတယ် မဟုတ်လား။ ဒါကို သူတို့ မလိုလားလို့ ခုလို လုပ်တာ ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။ ဦးဆရာ”
ဟု အောင်သီဟက ပြန်ပြော၏။ စောထွန်းထွန်းကလည်း
”ဒါဟာ ကျွန်တော်တို့ကို ငတ်ငတ် ပြတ်ပြတ်နဲ့ ဖြစ်သွားအောင် တမင် ရည်ရွယ်ချက် ရှိရှိ လုပ်တာဘဲ ဗျာ”
ဟု ထောက်ခံပြောဆိုသည်။
ကိုသိန်းကား စိုးသီဟတို့နှင့် တွေ့သည့်အချိန်တွင် အသက် လေးဆယ့် လေးနှစ် အရွယ် လူလတ်ပိုင်း ဖြစ်နေ ပြီ။ အသားက ဖြူသည် လည်းမဟုတ် ညိုသည်လည်း မဟုတ်သည့် ခပ်လတ်လတ်။ အရပ်က ငါးပေ ရှစ် လက်မ ခန့်ရှိပြီး ပိန်ပိန်ပါးပါး မို့ အရပ်ရှည်သည်ဟု ထင်ရသည်။ သူ့မျက်နှာက ညှိုးငယ် စိတ်ပျက်နေ သည့် ဟန် မပေါ်ဘဲ လန်းလန်းဆန်းဆန်း ရှိနေပုံက ထူးခြား၏။
လောကဓံကို ပြုံးပြုံးကြီး ရင်ဆိုင်ရဲတယ် ဆိုတာ သူ့လို လူစားမျိုးကို ဆိုခြင်းဖြစ်မည်။ သူ့၏ ကြီးမားသည့် စိတ်အင် အားက သူ့ကိုသာမက မနေ့တစ်နေ့က ကျသစ်အဖြစ် ရောက်လာသည့် စိုးသီဟတို့ အုပ်စုကိုပါ ကူးစက်ကာ စိတ်ဓာတ်ခွန်အားကို ဖြစ်စေသည်။
သူ့နာမည် အရင်းက သိန်းထွန်း။ မိသားစု အပါအဝင် ခင်မင်သူများ အားလုံးက ကိုသိန်းဟု ခေါ်ကြသည်။ တော်လှန်ရေး နယ်မြေကို ရောက်တော့လည်း ကိုသိန်း။ ယူဂျီနာမည်လည်း ကိုသိန်း ဟူသော အမည်ကိုသာ သုံးသည်။ ရန်ကုန် ဇာတိ။ ဗဟန်းသား ဖြစ်၏။ အသက် ဆယ်နှစ်ခန့်အရွယ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေး ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ သူ့ကို ၁၉၅၄ မွေးဖွားသည်။ သူ့ မိဘများက ဓာတ်ပုံလုပ်ငန်း လုပ်သည်။ ဆူးလေ ဘုရား လမ်းမှာ ဆိုင်ဖွင့်ထားသည်။ သူ့ မိဘများကား နိုင်ငံရေး လှုပ်ရှားမှုများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ခဲ့သူများ ဖြစ်၏။
သူ ခုနစ်တန်းကျောင်းသား အရွယ်တွင် ဖခင် ဆုံးသွားသောကြောင့် မိသားစု လုပ်ငန်းဖြစ်သည့် ဓာတ်ပုံ လုပ်ငန်းထဲ ဝင်လုပ်ရ၏။ သူတို့ မိသားစု ဓာတ်ပုံတိုက်မှာ ရန်ကုန် မြို့ ဆူးလေလမ်းမကြီး အထက်ဘလောက ်ရှိ နေပြည်တော် ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော လက်ရွေးစင် လဘက်ရည်ဆိုင်၏ အပေါ်ထပ်တွင် ရှိသည်။ ဆိုင်နာမည်မှာ မြန်မာ ဘာသာဖြင့် ခေတ်သစ်ဟု ရေးထားပြီး အင်္ဂလိပ်ဘာသာဖြင့် Modern ဓာတ်ပုံဆိုင်ဟု ရေးထာားသည်။
ဆူးလေ ဘုရားလမ်းရှိ အခြားသော နာမည်ကြီး ဓာတ်ပုံဆိုင်များမှာ စံပယ် ဓာတ်ပုံတိုက်၊ ဥက္ကလာ ဓာတ်ပုံ တိုက်၊ အာရ် အေ အဟူဂျာ နှင့် အာရှ ဓာတ်ပုံတိုက် တို့မှာ နာမည်ကြီး ဓာတ်ပုံတိုက်များ ဖြစ်ကြသည်။ မိသား စု ဓာတ်ပုံလုပ်ငန်းဖြစ်သောကြောင့် အဆင်ပြေ၏။ စီးပွားရေးအရ မဆိုးဘူးဟု ပြောနိုင်သည်။ သူက ဓာတ်ပုံတိုက်မှာ တစ်ယောက်ထဲ နေသည်။
မိသားစုက ကန်တော်လေးမှာ နေကြသည်။ သူတစ်ယောက်တည်းသာ ဆိုင်စောင့်ရင်း နေခြင်းဖြစ်သည်။ မောင်နှမ ဆယ်ယောက်ရှိသည်။ အဖေမရှိသည့်နောက်ပိုင်း မိသားစုအလုပ်ကို ဝင်လုပ်ပေးရင်း အမေနှင့် ညီအကိုမောင်နှမများ၏ စားဝတ်နေရေးကို တဘက်တလမ်းက ကူလုပ်ပေးသည့် ဓာတ်ပုံဆရာ။
၁၉၇၄ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဦးသန့်အရေးအခင်းကာလမှာ သူက အထက်တန်းကျောင်းသား။ ဦးသန့် အလောင်းကို ထားရှိရာ ကျိုက္ကဆံကွင်းသို့ ကျောင်းမှသူငယ်ချင်းများနှင့် သွားကြသည်။ လွမ်းသူ့ပန်းခွေ သွားချကြ၏။ တက္ကသိုလ် ကျောင်းသားကြီးများ ဟောပြောနေကြသည့် တရားပွဲများကို နားထောင်ကြသည်။ ကျောင်းသားကြီးတစ်ယောက်က
” ကမ္ဘာ့ ကုလ သမဂ္ဂမှာ အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင် ငံသူ နိုင်ငံသား အားလုံးအတွက် အလွန် ဂုဏ်ယူရမည့် ပုဂ္ဂိုလ် အစစ်အမှန် ဖြစ်ပါတယ်။ သူဟာ မြန်မာကို ကမ္ဘာက သိအောင် စွမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် ဖြစ်သည့်အပြင် ကမ္ဘာကြီးအတွက် အလွန် ရတက် မအေးဖွယ်ရာ ကောင်းသည့် တတိတယ ကမ္ဘာ စစ်ဖြစ်မည့်ဘေးမှ ကင်းဝေး လွတ်မြောက်အောင်လည်း စွမ်းဆောင်နိုင်ခဲ့သည့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးကို ဗိုလ်ချုပ် နေဝင်းရဲ့ မဆလအစိုးရက တန်ဖိုးထားရကောင်းမှန်း မသိဘဲ လူသာမန်များကို သင်္ဂြိုဟ်ရာ ကြံတော သင်္ချိုင်းမှာ မြှုပ်နှံမယ်ဆိုတာကို ငါတို့ လုံးဝ လက်မခံနိုင်”
စသည်ဖြင့် ဟောပြောသည်ကို သူသည် အလွန် သဘောကျမိသည်။ မဖြစ်သင့်တာကို ဦးနေဝင်းအစိုးရက လုပ်နေ ကြောင်း သိလာသည်။
အမေရိကန် ပြည်ထောင်စုတွင် ကွယ်လွန်ခဲ့သည့် ဦးသန့်၏ အလောင်းကို ကုလသမဂ္ဂမှ သူ၏ မွေးဖွားရာ ဇာတိနိုင်ငံသို့ ပြန်ပို့ပေးခဲ့သဖြင့် ရန်ကုန်မြို့ရှိ ကျိက္ကဆံကွင်း၌ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် ထားခဲ့သည်။ အသုဘ ပို့မည့်နေ့တွင် အစိုးရက ဘတ်စ်ကား ပိုင်ရှင်များကို အသုဘ ပို့ဖို့ ကားလာငှါးကြလျှင် မလိုက်ကြရန် အမိန့်ထုတ် တားမြစ်ထားသည်။ ကန်တော်လေး တစ်ဝိုက်တွင် အငှါးကားတည်ထောင်သူများ ရှိကြသဖြင့် ယင်းသတင်းကို သူကြားထားသလို စက်မှု တက္ကသိုလ်ကျောင်းသား အကိုတော်များထံမှလည်း လက်ရှိဖြစ်ပျက်နေသည့် သတင်းများကို ကြားသိပြီးဖြစ်သည်။
အသုဘ ပို့မည့်နေ့သို့ ရောက်သောအခါ သူနှင့် ကျောင်းမှသူငယ်ချင်းများသည် ကျိုက္ကဆံကွင်းသို့ သွားခဲ့ကြ သည်။ ထိုအချိန်ထိ ဦးသန့်အခေါင်းကို စောင့်ကြပ်နေသူများမှာ ကြက်ခြေနီတပ်ဖွဲ့ဝင် လူငယ်လေးများသာ ဖြစ်သည်။ အဆိုပါ ကြက်ခြေနီလေးများကို ကျောင်းသားကြီး တစ်ယောက်က ”မင်းတို့ ထွက်သွား” ဟု အော် လိုက်ရာ သူတို့လေးတွေ ထွက်သွားကြလေ၏။
အဲဒီနားမှာ လွမ်းသူ့ပန်းခွေတွေ တင်ဖို့ အမိုးပွင့်ကားတစီးရှိ၏။ အမှန်က ယင်းကားမှာ လွမ်းသူ့ပန်းခွေများ တင်ဖို့သာ ဖြစ်သည်။ သို့သော်လည်း တက္ကသိုလ်ကျောင်းသားများက ဦးသန့်အခေါင်းကို ထိုအမိုးပွင့်ကားပေါ် ထမ်းတင်လိုက်ကြသည်။ ထို့နောက် ကားကို စက်မနှိုးဘဲ ဖရီးဂီယာနှင့် တွန်းပြီး ရွှေ့ယူသွားကြ၏။ သူတို့ ဦးတည်ရာကား ကြံတော် သသုဿာန်သို့ မဟုတ်ဘဲ ရန်ကုန် တက္ကသိုလ်ထဲသို့ ဖြစ်၏။ ပထမတော့ သူတို့ သူငယ်ချင်းများသည် လွမ်းသူ့ ပန်းခွေကို ကိုင်ကာ လိုက်ကြသည်။ ကြာလာတော့ ပန်းခွေကိုင်ရတာ ညောင်းလာသောကြောင့် အလောင်းတင်ထားသည့် ကားကို ပြောင်းတွန်းကြသည်။ ဒီလိုနှင့် ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းထဲထိ ရောက်ရှိ သွားလေသည်။
ကျောင်းထဲမှ ပြန်လာသည့်အခါ ဘတ်စ်ကားများ မရှိကြတော့ချေ။ အာဏာပိုင်များက လိုင်းကားများကို မထွက်ကြရန် အမိန့်ထုတ်ထားပုံရ၏။ ထို့ကြောင့် ကျောင်းထဲမှ ပြန်လာကြသူများသည် တွေ့သည့်ကားကို တားကာ ကားကြုံစီးပြီး အိမ်ပြန်ကြ၏။ ကားများကလည်း မည်သူမည်ဝါ မမေးမြန်းဘဲ ကားကိုရပ်ပြီး တင် ခေါ်သွားကြ၏။ လမ်းပေါ်တွင် အိမ်ပြန်ရန် အခက်အခဲ ဖြစ်နေသူများမှာ ဦးသန့်ဈာပနသို့ လာကြသူများ ဖြစ်သည်ဟု အလိုအလျှောက်သိကာ မိမိ တတ်နိုင်သည့်ဘက်မှ ကူညီပေးသလို တစ်ပါတီ အာဏာရှင် ဗိုလ် ချုပ် နေဝင်း၏ မဆလအစိုးရကို ဆန့်ကျင်ရာတွင် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီသည့် သဘောလည်း ဖြစ်ဟန်တူ၏။
သူလည်း ကားတစ်စီးကို တားစီးကာ ဆူးလေဘုရားလမ်းကို ရောက်သွားသည်။ ဤကစ၍ အစိုးရ၏ မဟုတ် မတရား လုပ်သည်ကို မခံချင်စိတ် ဖြစ်လာပြီး နိုင်ငံရေးကို စိတ်ဝင်စားလာခြင်း ဖြစ်လေသည်။ အမှန်တရား အတွက် တိုက်ပွဲဝင်လိုသည့် နိုင်ငံရေးပိုးသည် ထိုအချိန်မှ စကာ သူ့နှလုံးသားထဲသို့ စူးဝင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ဆယ်တန်းကို ပထမ တစ်ကြိမ်ဖြေတော့ ကျ၏။ ဒုတိယ တစ်ခေါက် ဖြေသည့်အခါ ဘီ အဆင့်ဖြင့် အောင်သည်။ သည့်နောက် နှစ်နှစ်တိတိ မဖြေဖြစ်ခဲ့ပါ။ သုံးနှစ်မြောက်မှာ ဖြေတော့ အောင်သွားသည်။ ထို့ ကြောင့် ဥပဒေဘာသာရပ်ဖြင့် စာပေးစာယူ သင်တန်းကို တက်ရောက်သည်။ ၁၉၈၃ မှာ ကျောင်းပြီးသည်။
အာဏာရှင် ဦးနေဝင်း၏ တစ်ပါတီ အာဏာရှင် အစိုးရသည် ၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် တစ်ရာတန် ငွေ စက္ကူများ ကို ငွေမည်း ကြေညာသည်။ ဘာကြောင့်မှန်းမသိဘဲ ပြည်သူ အများစု၏ လက်ထဲတွင် ရှိသည့် ငွေများမှာ တရားမဝင် ဖြစ်ကာ သုံးမရ ဖြစ်သွားသည်။ ပြည်သူလူထု စိတ်ကျေနပ်စေရန် ကျပ်ငွေ ငါးထောင် ထိ ပြန်လဲပေးခဲ့သည်။ ဤအခြင်းအရာမှာလည်း တိုင်းသူပြည်သားများ၏ ဘဝကို တစ်စက်မှ ထည့်မတွက်ဘဲ ငါ အာဏာရှိသည်ဟု ဆိုကာ ထင်ရာ စိုင်းခဲ့သည့် ဦးနေဝင်း၏ စရိုက်တစ်ခုပင် ဖြစ်၏။
အစိုးရသည် ဗိုလ်ချုပ် အောင်ဆန်း မောင့်ကျက်သရေ ခေါင်းပေါင်း ပေါင်းထားသည့် တစ်ရာတန် ငွေ စက္ကူများ ကို ငွေမည်းအဖြစ် ကြေညာလိုက်ပြီးနောက် ခုနစ်ဆယ့်ငါးကျပ်တန် နှင့် သုံးဆယ့်ငါးကျပ်တန်များကို ထုတ်ဝေ သုံးစွဲစေ၏။ သို့သော် ပြည်သူများက ထိုငွေများလည်း မကြာခင် တရားမဝင် ကြေညာခံရမည်ဟု ထင်ကြေး ပေးကာ လက်ထဲတွင် ကြာကြာ သိမ်းဆည်းမထားဘဲ ချက်ချင်း ပြန်သုံးပစ်တတ်ကြသည်။
ပြည်သူများက တရားမဝင် ကြေညာမခံရနိုင်ဟု ယုံကြည်ကြသည့် နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို သိမ်း ဆည်းကြသည်။ ပြည်သူများ ထင်သည့်အတိုင်း ၁၉၈၇ ခုနှစ် စက်တင်ဘာလ ငါးရက်နေ့၌ တရားမဝင် ငွေ စက္ကူများကို ထပ်မံ ကြေညာပြန်လေသည်။ ယင်းသို့ ကြေညာသောအခါ ပြည်သူများ မယုံကြည်သည့် ခုနစ် ဆယ့်ငါးကျပ် သုံးဆယ့် ငါးကျပ်တန်နှင့်အတူ ပြည်သူများက ငွေမည်းအဖြစ် မကြေညာလောက်ဟု ထင်မှတ် ကာ စုဆောင်းကြသည့် နှစ်ဆယ့်ငါးကျပ်တန် စက္ကူများပါ ပါသွားလေတော့သည်။ ဤအကြိမ်တွင် ဦးနေဝင်း အစိုးရသည် တစ်ပြားတစ်ချပ်မှ ပြန်လည် လဲပေးခြင်းမရှိဘဲ နဂိုကမှ ဆင်းရဲပါသည်ဆိုသော ပြည်သူလူထုကို လက်ထဲတွင် သုံးစရာ ငွေကြေး တစ်ပြားတစ်ချပ် မကျန်အောင် ရက်ရက်စက်စက် လုပ်ပစ်ခြင်းပင်ဖြစ်သည်။
ပြန်မလှန်ရဲအောင် နည်းမျိုးစုံဖြင့် ဖိနှိပ်ထားသည့် အစိုးရကို ပြည်သူများက လက်တုန့်မပြန်ရဲသော်ငြားလည်း တက္ကသိုလ် ကျောင်းသားကျောင်းသူများကမူ အစိုးရ၏ မတရားမှုကို ခေါင်းငုံ့မခံဘဲ အာခံဆန္ဒပြမှု ရှိလာသော ကြောင့် ကျောင်းများကို ချက်ချင်းပိတ်ပစ်ကာ ကျောင်းသားများကို မစုမိအောင် လူစုခွဲခဲ့လေသည်။
၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ စက်မှု ကျောင်းသား ဖုန်းမော် ကျဆုံးသည့် အရေးအခင်း။ ဦးအောင်ကြီး၏ ”ဗိုလ်ချုပ်ခင်ဗျာ” အစချီသည့် ဦးနေဝင်းထံ ပေးစာ။ ဇွန်လ အရေးအခင်း။ ဇူလိုင် သြဂုတ် ကျောင်းသား လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင် တောရောမြို့ပါ ပြည်သူတစ်ရပ်လုံး ပါဝင် သည့် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့လေသည်။
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ရက်နေ့က သူ ရန်ကုန်မှာ မရှိပါ။ မန္တလေးမှာ ရောက်နေ၏။ အရေးအခင်း ဖြစ် သောကြောင့် ရထားလမ်း ကားလမ်းများ ပိတ်သွားသည်။ မထွက်ကြ။ ထို့ကြောင့် ရန်ကုန်သို့ ပြန်မဆင်းနိုင် ချေ။ သြဂုတ်လ ၁၂ ရက်နေ့ လမ်းပြန် ဖွင့်မှ ဆင်းရသည်။
ထိုစဉ်က သူ့မှာ ရန်ကုန်တိုင်း ခြေလျှင်တောင်တက်အသင်း၏။ အတွင်းရေးမှူး ဖြစ်၏။ ဆန္ဒပြပွဲတွင် လူများ သည် ကိုယ့်အဖွဲ့နှင့် ကိုယ့်ဆိုင်းဘုတ်နှင့် ချီတက်ဆန္ဒပြနေကြရာ ရန်ကုန်တိုင်း ခြေလျှင်တောင်တက် အသင်း အနေနှင့်လည်း ပြသင့်သည်ဟု ဆုံးဖြတ်ကာ အရေးတော်ပုံ လှုပ်ရှားမှုတွင် ဆိုင်းဘုတ်ကိုင်ကာ ပါဝင်ခဲ့ကြ သည်။ ထို့ပြင် ”ညီညွတ်ရေး ” အမည်ရှိ စာစောင်တစ်စောင်ကိုလည်း သူ့သူငယ်ချင်း လေးငါးယောက်နှင့် လက်တွဲကာ ထုတ်ဝေခဲ့သည်။
ကုန်သွယ်ရေးရုံးမှာ စစ်သားတွေနှင့် ပြည်သူများ ထိပ်တိုက် တွေ့နေချိန်တွင် သူသည် ယင်းအနား၌ ရှိခဲ့သည်။ ကုန်သွယ်ရေး ရုံးအောက်မှာ ရပ်ထားသည့် ကားပေါ်ရှိ ဆန်အိတ်များထဲတွင် ဗုံးသီးများ ကျည်ဆံများကို လူအ များက တွေ့ရသည့်အခါ ယမ်းပုံမီးကျ ဒေါသများ ပေါက်ကွဲကုန်ကြသည်။ ရဟန်းသံဃာများက ကြားဝင် ဖြေ ရှင်းလိုက်သောကြောင့်သာ အစုအလိုက် အပြုံလိုက် အတုံးအရုံး သေဆုံးကြမည့် ဘေးမှ လွတ်မြောက်ခဲ့ကြ ခြင်းကို သူကိုယ်တိုင် မျက်စေ့ဖြင့် တပ်အပ် မြင်တွေ့ခဲ့ရသည်။
မဟာဗန္ဓုလ ပန်းခြံ၏ အခြားတစ်ဘက်တွင် ပြည်ထောင်စုဘဏ်ကြီးရှိ၏။ ထိုဘဏ်ထဲမှာ စစ်သားများက နေ ရာယူထား၏။ ဘဏ်နှင့် မလှမ်းမကမ်းတွင် မြန်မာ့ဆို ရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ် ရုံးရှိ၏။ ယင်းနေရာမှ နေ၍ စစ်သားများသည် ဆူးလေဘုရားဘက်ကို သေနတ်နှင့် လှမ်း လှမ်းပစ်သည်။
ထိုအချိန်တုန်းက ညဘက်တွင် သူသည် ကြောက်ရမှန်းလည်း မသိ.. ကိုယ့်လက်ထဲမှာ လေးခွတောင် မရှိပါဘဲ နှင့် ဆူးလေ ဘုရားနားသို့ ရောက်အောင်သွားသည်။ ထို့နောက် လမ်းဘေးမှာ စိုက်ထားသည့် သစ်ပင်များကို ကွယ်ပြီး ဗန္ဓုလပန်းခြံထဲ ရောက်အောင် ဆက်သွားကာ စစ်သားများ စခန်းချထားသည့် နေရာကို ခဲနှင့် သွား ပေါက်ခဲ့သည်။ အရေးအခင်းထဲမှာ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ သူသည် တောခိုရန် ရင်းနှီးသော သူငယ်ချင်းတစ်ချို့ကို ယခုလို ရင်ဖွင့်လေ၏။
”ဒီမှာ ဒီလိုနေလို့ကတော့ မရဘူး။ တောထဲဘဲသွားမယ်။ ငါတို့လို လူပျို လူလွတ်တွေက အာဏာသိမ်း စစ် အစိုးရကို လက်နက်စွဲကိုင် တိုက်ရမယ်။ ငါတို့ သွားသင့်တယ်”
ဤသို့ဖြင့် ဦးနေဝင်း၏ မဆလ အစိုးရနှင့် အာဏာသိမ်း စစ်အစိုးရတို့က ပြည်သူများအား မတရား အနိုင်ကျင့် သည်များကို မျက်ဝါးထင်ထင် မြင်တွေ့နေရသာကြောင့် လက်နက်ကိုင် တော်လှန်ရန် ဆုံးဖြတ်ကာ တောခိုခဲ့ ခြင်း ဖြစ်သည်။ သူသည် ပြောသည့်အတိုင်းပင် စစ်တပ်က အာဏာသိမ်းပြီးနောက် သူငယ်ချင်းဖြစ်သူ လှမိုး အောင်နှင့်အတူ ရန်ကုန် မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွါလာခဲ့ကြ၏။ ဘားအံမှ ဘုန်းကြီးတစ်ပါး က သူတို့ကို ကေ အန် ယူ စခန်းသို့ ရောက်အောင် လိုက်ပို့ပေးသည်။ သူတို့ ရောက်ရှိသွားသည့် နေရာမှာ ကေ အန် ယူ တပ်မဟာ ၇ အတွင်းရှိ မက်သရေဆိုသည့် စခန်းဖြစ်သည်။ ထိုစဉ်က အေဘီအက်စ် ဒီ အက်ဖ် ကျောင်းသား တပ်မတော် မရှိသေးပါ။
နောက်မှ နယ်စပ်တွင် ရောက်ရှိနေကြသော ကျောင်းသားများ တွေ့ဆုံကာ ဆွေးနွေးပြီးမှ အေဘီအက်စ် ဒီ အက်ဖ် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် ပေါ်ပေါက်လာ၏။ အေဘီ အက်စ် ဒီ အက်ဖ် ပေါ်ပေါက် လာသည့်ပြီး နယ်မြေအသီးသီးအား တပ်ရင်းနံပတ်များ ပေးရာတွင် သူတို့ ရောက်နေသည့် မက်သရေ စခန်းအား တပ်ရင်း ၂၀၇ အဖြစ် သတ်မှတ်ပေးခဲ့သည်။
တောထဲ ရောက်လာသည်က မတစ်ရာသားတွေ ဖြစ်ပြီး ငယ်ငယ်ကတည်းက ရင်းနှီးလာသူများလည်း မဟုတ်ကြသလို မတူညီသည့် ဒေသ နောက်ခံ အကြောင်းတရား နိုင်ငံရေးအမြင် ခံယူချက် ကွဲပြားခြားနား ကြသူများ ဖြစ်ကြသည့်အတွက် တစ်ယောက်အကြောင်း တစ်ယောက် မသိခင်မှာ ပေါင်းရသင်းရ အလွန် ခက်သည်။ လက်ခံထားသည့် ကေအန်ယူကလည်း ကျောင်းသားများ၏ အခြေအနေကို သတိဖြင့် စောင့်ကြည့် နေသည်သာ။ ဘယ်လိုလူမျိုးတွေ ပါသလဲဆိုတာကို သူတို့လည်း စောင့်ကြည့် အကဲခတ်နေရသည်ဘဲ မဟုတ် လား။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီး ခင်မင်ဖို့ အချိန်အနည်းငယ် ယူရသည်။
သူသည် ဆင်တောင် အမည်ရှိ နေရာတွင် အခြေခံ စစ်သင်တန်းကို တက်ရသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလအ တွင်း ခရစ်စ်မတ်ကာလတွင် သူတို့ တပ်ရင်း စခန်းတည်ရှိရာ မက်သရေ စခန်းကျသွားသည်။ မက်သရေ စခန်း ကျသွားပြီးနောက် တပ်ရင်း ၂၀၇ တစ်ခုလုံး ရေကျော်သို့ ရွေ့ကြရသည်။ ဝမ်ခ မရောက်ခင် ရေကျော်ဆိုသည့် ကေအန်ယူ စခန်းတစ်ခု ရှိ၏။ နောက်ပိုင်း မက်သရေ စခန်းဟောင်း နေရာကို ပြန်သိမ်းပိုက်နိုင် သည့်အခါ သူတို့၏ တပ်ရင်း ၂၀၇ သည် မက်သရေ စခန်းသို့ ပြန်ရွှေ့ကြသည်။ ထိုအခါ မက်သရေ စခန်းကို ပေါပေါထ စခန်းဟု နာမည်ပြောင်း ခေါ်ကြသည်။
အေဘီ အက်စ်ဒီ အက်ဖ်မှာ ၂ ဂဏန်းနှင့် စသည့် တပ်ရင်းအားလုံးက ကရင် တော်လှန်ရေး နယ်တွင် ရှိသည်။ ၁ နှင့် စသည့်တပ်ရင်းများက မွန် တော်လှန်ရေး နယ်မြေတွင် ရှိပြီး ၃ နှင့် စသော တပ်ရင်းများက ကယား တော်လှန်ရေး နယ်မြေ တွင် ရှိသည်။
သူသည် ရဲဘော်ဘဝမှ စခန်းဥက္ကဌ တာဝန်ထိ ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ် တတိယ အကြိမ် အေဘ အက်စ် ဒီ အက်ဖ် ညီလာခံအတွက် စခန်းမှ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသည်။ ယင်းညီလာခံက သူ့ကို ဗဟို ကော်မတီ အဖြစ် ရွေးချယ်သည်။ ထို့ကြောင့် ၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် အေဘီအက်စ် ဒီ အက်ဖ် ဗဟို သို့ ရောက်သွား၏။ ၁၉၉၇ တွင် ဗဟို ကော်မတီမှ အနားယူသည်။ ဗဟို ကော်မတီ မရောက်ခင် မက်သရေ စခန်းမှာနေတုန်းက သူသည် ပြည်တွင်း ယူဂျီ အလုပ်ကို လုပ်ဖူးသည်။ ဗဟိုကို ရောက်သွားချိန်တွင် ဆက်မ လုပ်ဖြစ်တော့ပေ။
ဗဟိုမှ အနားယူပြီးနောက် ဗဟို၏ တာဝန်ဖြင့် ပြည်တွင်း၌ ယူဂျီလုပ်ငန်းများကို ပြန်လုပ်ရင်း ၁၉၉၈ ခုနှစ်တွင် ပျဉ်းမ နားမြို့၌ အဖမ်းခံရသည်။ ထို့နောက် ပျဉ်းမနားမှ ရန်ကုန်ပို့ခံရသည်။ ရန်ကုန်တွင် သုံးလကျော် လေးလ နီးပါး စစ်ကြောရေး လုပ်ခံရပြီး အင်းစိန် သီးသန့်ထောင်တွင် အချုပ်သား ဘဝဖြင့် နေခဲ့ရသည်။
သူတို့အမှုနှင့် ဆက်စပ်ပြီး ထောင်ချခံရသူ ၅၂ ယောက် ရှိ၏။ ထိုအထဲမှ ကိုယ်နှင့် လုပ်ငန်းအရ တိုက်ရိုက် ဆက်စပ် သူများသာ အချင်းချင်းသိကြသည်။ တစ်ယောက်နှင့် တစ်ယောက် လုံးဝ မ သိသူများ ပါဝင်နေကြ ၏။ ထိုအထဲတွင် အမှုတွဲခံရသူ အများစုနှင့် သိသူ တစ်ဝာယောက် ရှိ၏။ သူကား ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ရေးသည့် အောင်ထွန်း ဖြစ်သည်။ အောင်ထွန်းသည် ၁၉၆၂ ခုနှစ်ထိ ကျောင်းသား သမဂ္ဂများတွင် ဥက္ကဌတွေ အတွင်းရေးမှူး လုပ်လာ သူများ ပါဝင် လှုပ်ရှားခဲ့ကြသူ လူကြီးများကို မေးမြန်းကာ စာအုပ် ရေးသားခဲ့ရာ သူ အမေးအဖြေ လုပ်ခဲ့သည့် လူကြီးများ အားလုံး အဖမ်းခံကြရလေသည်။ ထိုပုဂ္ဂိုလ်ကြီးများ အားလုံးမှာ ပညာတတ်များ ဖြစ်ကြသည်။ အချို့မှာ ရှေ့နေအဖြစ် အသက်မွေး ဝမ်းကြောင်း ပြုနေသည့် ဝါရင့် ရှေ့နေကြီးများလည်း ပါကြ၏။
ထို့ကြောင့် တစ်နွယ်ငင် တစ်စင်ပါ ဆိုသည့် စကားပုံအတိုင်း နိုင်ငံရေးအရ အဆက်အစပ်များကို ကောက်သင်း ကောက် လိုက်ဖမ်းရာတွင် ယင်းလူကြီးများနှင့်အတူ သူသည် အမှုတွဲဖြစ်လာသကဲ့သို့ စစ်ကြောရေး ကာလ တွင်လည်း သူတို့နှင့်ပင် အင်းစိန် သီးသန့် ထောင်ထဲတွင် နေခဲ့ရသည်။ တရားရုံးမှာ ရင်ဆိုင်နေစဉ် ကာလက သူတို့ကို သီးသန့် ထောင်မှာ ထားခြင်း ခံရ၏။
ထိုအချိန်တုန်းက တော်တော် ဒုက္ခရောက်သည်။ စားရသည့် ပဲဟင်းလျှင် ပဲစေ့ လုံးဝမပါဘဲ အခွံသာ ပါလေ သည်။ အရည်ကြည်လေးကိုသာ ပဲနံ့ ခံရင်း သောက်ရ၏။ ငပိ နည်းနည်း ရသည်။ အသားစားနေ့မှာလည်း အသား လုံးဝ မရ။ အချုပ်သားဘဝနှင့် စစ်ကြောရေး ကာလမှာ။ သုံးလကျော် လေးလလောက် ငတ်ပြတ်တာ က တစ်မျိုး.. နည်းမျိုးစုံဖြင့် နှိုက်စက်တာက တစ်မျိုးနှင့် လောကငရဲကို အရှင်လတ်လတ် ရောက်နေရသလို ခံစားနေရသည်။ ထို့ကြောင် စိတ်ထဲတွင် ဖြစ်ပေါ်လာ သည်မှာကား နောင် သေဒဏ်မကလို့ ဘာပြစ်ဒဏ်ဘဲ ပေးခံရ ပေးခံရ ဤနေရာမှလွတ်သွားလျှင် ပြီးပြီ။ ရှေ့မှာ ဘာဖြစ်ဖြစ် ဟူသော အတွေးများက လွှမ်းမိုးနေခဲ့ သည်။ အမိန့်မချခင် လက္ခဏာ နည်းနည်းပါးပါး ကြည့်တတ်သည့် အမှုတွဲဖြစ်သူ လကျ်ာထွန်းက သူ့ လက်ဝါး ကို ကြည့်ပြီး
” အကို.. ခင် ဗျားကတော့ သေဒဏ် ကျနိုင်မှာ မဟုတ်ပါဘူး”
ဟု ဟောလေ၏။ သူ့ဟောပြောချက်ကို
”မင်း ဟောပြောချက် မှန်စေချင်ပါတယ်။ ဒါပေမဲ့ ဥပဒေ အသွားအလာအရရော စစ်အစိုးရရဲ့ အငြိုးအတေး အရရော ငါ့မှာ ကြိုးကျပြီး သေဖို့ ဇာတာ မပါရင်တောင် ပြစ်ဒဏ်ချမှတ်ခြင်းကတော့ လွဲဖွယ် မမြင်ပါ ညီလေး”
ဟု ပြောပြီး အချင်းချင်း ဟားတိုက် ရီမောခဲ့ကြသည်။ ရီမောခဲ့ကြခြင်းမှာ အကြောင်းမဲ့မဟုတ်။ အမှုတွဲများထဲ မှာ ပါ သည့် တစ်ချို့ လူကြီးများက ဥပဒေ ပညာရှင် ရှေ့နေကြီးများလည်း ပါသည်။ ယင်းရှေ့နေများက သူတို့ အမှု ကို ”မင်းတို့က ဘာမှမပူနဲ့ သေဒဏ်ဘဲ လို့” တထစ်ချ ခန့်မှန်း ပြောထားကြပြီး ဖြစ်၏။ စီရင်ချက် ချသည့် အခါ ဥပဒေ ပညာရှင်များ ပြောခဲ့သည့်အတိုင်း တရားသူကြီးက သေဒဏ် ချမှတ်လိုက်ပါသည်။ သို့သော်လည်း သေဒဏ် ချခံရသည့် သူတို့ ခြောက်ယောက်၏ မျက်နှာတွင် ဝမ်းနည်းသည့် အရိပ်အယောင် မတွေ့ရဘဲ လက်ရှိငရဲက လွတ်မြောက်လာရသည့်အတွက် စိတ်သက်သာရသည့် သဘောမျိုးကို မြင်တွေ့ရသည်။
သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း ရှေ့နေကြီးများထံ ဗဟုသုတ အဖြစ် နားထောင်ခဲ့ရ၏။
သဒဏ်ဆိုသည်မှာ မြန်မာ စကားနှင့် ”မသေမချင်း ကြိုးကွင်းစွပ် သတ်စေ” ဟု အဓိပ္ပါယ်ရပြီး အင်္ဂလိပ်ဘာ သာဖြင့် till death သေသည့်တိုင်အောင် သတ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဤသို့ တရားရုံးမှ သေဒဏ်ချမှတ် လိုက်ပြီးသည်နှင့် ထိုတရားခံမှာ ထောင်တွင်းသို့ ရောက်သည်နှင့် အသတ်ခံရတော့မည်ဟု သာမန် ပြည်သူ လူထုက ထင်ကြသည်။ ထို့ပြင် တစ်ချို့သော တရားခံများမှာ သေဒဏ်အပြင် ထောင်ဒဏ်များကိုပါ ချမှတ်ခံရ သူများလည်းရှိရာ မည်သည့် ပြစ်ဒဏ်ကို အရင် ကျခံမည်နည်းဟူသော မေးခွန်းများလည်း ရှိလာပြန်သည်။
သေဒဏ်ကို တရားရုံးက ချမှတ်လိုက်သော်ငြားလည်း ထောင်အာဏာပိုင်များမှ ထိုသူ့ကို သေဒဏ်စီရင်လို့ မရ သေးချေ။ သူ့တွင် အယူခံတင်သွင်းခွင့် အဆင့်ဆင့် ရှိသေးသည်။ တရားခံတစ်ဦးအနေဖြင့် ဥပမာ ရန်ကုန်တိုင်း တရားရုံးက အမိန့်ချမှတ်ခြင်း ခံရသည်ဆိုပါက သူ့အနေဖြင့် ရန်ကုန်တိုင်း တရားလွှတ်တော်သို့ အယူခံ တင်ခွင့်ရှိသည်။ ရန်ကုန်တိုင်း တရားရုံး သို့မဟုတ် သက်ဆိုင်ရာ တရားရုံးက ပယ်ချလိုက်သည် ဆိုပါစို့။ သေဒဏ်ကို အတည်ပြုလိုက်သည် ဆိုပါစို့။ သို့သော် သူသည် ပြည်ထောင်စု တရားလွှတ်တော်သို့ နောက်တ ဆင့် ထပ်တက်ခွင့် ရှိသေး၏။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စုံညီ ခုံရုံး အဆင့်မှ အဆိုပါ အယူခံကို ပယ်ချခြင်း ခံရမည်ဆိုလျှင် သို့မဟုတ် အောက်ရုံးက ချမှတ်သည့် ပြစ်ဒဏ်ကို အတည်ပြုလိုက်လျှင် ထိုအမှု ကို မီးသေအမှုဟု ခေါ်၏။ တရားစီရင်မှု အခန်းကဏ္ဍ ပြီးစီးသွား ပြီ ဖြစ်သည်။ ထိုသို့ ပြီးသွားသည့် တိုင်အောင် တရားခံတစ်ယောက်အတွက် နောက်ဆုံး မျှော်လင့်ချက် ရှိသေး၏။ မျှော်လင့်ချက် မကုန်သေးပါ။ ယင်းမှာ သူ့အနေဖြင့် နိုင်ငံတော် သမ္မတထံသို့ အသနားခံစာ တင်ခွင့် ရှိသေးသည်။ ထို့ကြောင့် သေဒဏ်ကျ အကျဉ်းသား တရားခံအတွက် အခွင့်အရေး သုံးဆင့် ရှိသည်။
နိုင်ငံတော် သမ္မတ၏ အခန်းကဏ္ဍမှာ အပြစ်ရှိခြင်း မရှိခြင်း ဥပဒေနှင့် ညီခြင်း မညီခြင်း ဆိုသည်ထက် နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမည်လော မပေးဘူးလော ဟု ဆုံးဖြတ်ချက် ချခြင်းဖြစ်သည်။ နိုင်ငံတော် သမ္မတက ထိုအရာကို သုံးသပ်ပြီး အသနားခံစာကို ပယ်ချလိုက် ပြီးမှသာ သေဒဏ် စီရင်ခြင်း အမှုကို စတင် စီစဉ် ဆောင်ရွက်ကြရမည် ဖြစ်၏။
ထို့ကြောင့် တရားရုံးမှ သေဒဏ်ချမှတ်ခံရသူ တစ်ယောက်သည် အကျဉ်းထောင်သို့ ရောက်သွားသည်နှင့် ချက်ချင်း အသတ်ခံရသည် မဟုတ်ဘဲ နောက်ဆုံး နိုင်ငံတော် သမ္မတထံသို့ အသနားခံစာ တင်ပြီးနောက် နိုင်ငံတော် သမ္မတမှ ပယ်ချလိုက်ပြီးမှသာ ကြိုးစင်ပေါ်တက်ပြီး ကွပ်မျက် ခံရခြင်း ဖြစ်သည်။ နှစ် များစွာ ကြာတတ်သည့် သဘောရှိသည်။
တရားခံတစ်ယောက်ကို ပြစ်ဒဏ် နှစ်ခု ချမှတ်ခံရသည် ဆိုလျှင် ပိုမို ကြီးလေးသည့် ပြစ်ဒဏ်ကို အရင် ကျခံရမည် ဖြစ် ၏။ ဥပမာ သေဒဏ်နှင့် ထောင်ဒဏ် အနှစ် နှစ်ဆယ် ချမှတ်ခံရသည် ဆိုပါစို့။ ထိုသူအား သေဒဏ်ကို အရင် စီရင် ရမည် ဖြစ်၏။ သေဒဏ်မှ လွတ်မြောက်သွားပြီးနောက်မှသာ အခြား ပြစ်ဒဏ်ကို ကျခံရမည်။
နိုင်ငံတော် သမ္မတက အသနားခံစာကို ပယ်ချခံလိုက်ရပြီ ဆိုလျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သေဒဏ် အတည်ပြုမိန့် ထုတ်ပေးရ၏။ ၎င်းအတည်ပြုမိန့်ကို အကျဉ်းဦးစီး ညွှန်ကြားရေးမှူးချုပ် ရုံးသို့ စာအိတ် အနီဖြင့် ပို့ ပေးရသည်။ တချိန်တည်း၌ ထိုအမိန့်စာကို အဆိုပါ တရားခံအား အမိန့်ချမှတ် ပေးခဲ့သည့် တရားရုံးသို့လည်း စာအိတ်နီဖြင့် ပို့ပေးရ၏။
ထို့နောက် အကျဉ်းထောင် နှင့် အမိန့်ချသည့် တရားရုံးတို့က အဆိုပါ တရားခံကို မည်သည့် နေ့ရက်တွင် သေဒဏ် စီရင်မည်နည်း။ ကြိုးပေး ကွပ်မျက်မည်နည်း ဆိုသည်ကို ညှိနှုင်းကြရသည်။ နေ့ရက် သတ်မှတ်ပေး ရ၏။ ထိုသို့ ညှိနှိုင်း သတ်မှတ်ရာတွင် ထောင်တာဝန်ခံ ပါရမည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ပါရမည်။ မြို့နယ် တာဝန်ခံဆရာဝန်ကြီး ပါရမည်။ ဤ ပုဂ္ဂိုလ်များ ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့ကမှသာ သေဒဏ် စီရင်ခြင်း ကွပ်မျက်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ကြရသည်။
နိုင်ငံတော် သမ္မတထံသို့ တင်သွင်းသော အသနားခံစာကို နိုင်ငံတော် သမ္မတ အနေဖြင့် ပယ်ချခြင်းလည်း မရှိ လျှော့ ပေါ့ပေးခြင်းလည်း မရှိဘဲ လစ်လျူ ရှုထားသည်ဟူ၍ကား မရှိပါ။ နိုင်ငံတော် သမ္မတအနေဖြင့် ပယ်ချ လိုက်သည် သို့မဟုတ် ပြစ်ဒဏ် လျှော့ချပေးလိုက်သည် ဟူသော အဖြေစကား နှစ်ခုထဲမှ တစ်ခုကို မလွဲမသွေ ပေးရသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတထံတွင် ပြစ်ဒဏ်ကို သက်သာ လျှော့ ပေါ့ပေးခွင့် ရှိသည်။ ထို့ကြောင့် နောက်ဆုံး နိုင်ငံတော် သမ္မတ၏ လက်မှတ်ထိုးခြင်းက ထိုတရားခံ၏ အသက် ရှင်ခြင်း သေခြင်းကို ဖြစ်စေနိုင်ပါသည်။
ထိုသို့ အယူခံ အသနားခံစာ တင်သွင်း နေစဉ်ကာလအတွင်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသည်နှင့် ကြုံ ကြိုက်ခဲ့လျှင် သူသည် သေဒဏ်မှ ကင်းလွတ်ကာ ပြစ်ဒဏ် လျှော့ပေါ့ခွင့်ကို ကျိန်းသေ ခံစားရမည် ဖြစ်၏။ ထိုသို့ ကြုံသည် ဆိုပါက သေဒဏ်သမားသည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲသွားမည် ဖြစ်ပြီး ကျွန်းသမား (သို့မဟုတ်) အနှစ် နှစ်ဆယ် ကျခံနေရသူ နှစ်ကြီးသမားက ဆယ်နှစ် ပြစ်ဒဏ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။ ဆယ်နှစ်အောက် ပြစ်ဒဏ်များမှာမူ အရှင် လွတ်မြောက်ခွင့် ရကြသည်။
မြန်မာ အကျဉ်းထောင် သမိုင်းမှတ်တမ်းများ အရ ၁၉၈၈ ခုနှစ် မတ်လ အထိ ကြိုးပေး ကွပ်မျက်ခဲ့တာ ရှိခဲ့ သည်။ ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် တိုင်းပြည် အုပ်ချုပ်မှု ပုံစံ ပြောင်းသွားသည်။ စစ်အစိုးရ နဝတ နအဖ အစိုးရများ အုပ်ချုပ်ရာ နိုင်ငံတကာ ဥပဒေအရ သူတို့မှာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် အစိုးရများ မဟုတ်ကြသဖြင့် သေဒဏ် အတည်ပြုခြင်းကို လုပ်ပိုင်ခွင့် မရှိချေ။ စီရင်ပိုင်ခွင့် မရှိချေ။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့မှာ အသနား ခံစာကို ပယ်ချင်ခွင့် သို့မဟုတ် ပြစ်ဒဏ် လျှော့ပေါ့ ပေးခွင့် မရှိကြချေ။
တရားရုံးများက သေဒဏ် စီရင်ချက်များကို ချမှတ်ခဲ့သောလည်း စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် သေဒဏ် အတည်ပြုပေးခဲ့ခြင်း မရှိခြင်းမှာ ၎င်းတို့သည် ပြည်သူ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် နိုင်ငံတော် သမ္မတများ မဟုတ်သောကြောင့် ဖြစ်လေသည်။
သူတို့ အမှုတွဲ ၅၂ ယောက်ထဲမှ သူနှင့်အတူ တရားခံ ခြောက်ယောက်မှာ နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်မှု ၁၂၂/ ၁ ပုဒ်မ အတွက်က သေဒဏ်၊ ပေါက်ကွဲစေတတ်သော လက်နက်များ လျှို့ဝှက် သယ်ဆောင်မှု (ဖောက်ခွဲ ၅) ပုဒ်မ အတွက်က ၁၄ နှစ် စီ အသီးသီး အမိန့်ချခံရ၏။ ယင်း ခြောက်ယောက်မှာ
၁။ ကိုသိန်းထွန်း (အေဘီအက်စ်ဒီ အက်ဖ် ၂၀၇ )
၂။ ကိုနိုင်အောင် (ခ) ပါထွေး (အေဘီအက်စ်ဒီ အက်ဖ် ၂၀၇ )
၃။ ကိုမြင့်ဟန် (ခ) ကိုမြဟန် (အေဘီအက်စ်ဒီ အက်ဖ် ၂၁၆)
၄။ ကိုသန့်ဇင် (ခ) သန့်ဇော်ဆွေ (အေဘီအက်စ်ဒီ အက်ဖ် ၂၀၄)
၅။ ကျောင်းဆရာ ဦးခင်လှိုင် (မြောက်ဥက္ကလာပ)
၆။ ကိုလကျ်ာထွန်း
တို့ ဖြစ်ကြသည်။ အမိန့်ချသည့်နေ့မှာ ၁၉၉၈ ခုနှစ် ဧပြီလထဲတွင် ဖြစ်၏။ စီရင်ချက်ချသည့် နေရာမှာ အင်းစိန် ထောင်ဝင်း အတွင်းထဲရှိ စစ်ခုံရုံး တွင် ဖြစ်၏။
သူနှင့် လကျ်ာထွန်းမှာ ဆူးလေဘုရားလမ်းတွင် နေထိုင်ကြသူများ ဖြစ်သောကြောင့် ညီအကိုရင်းပမာ ခင်မင် ရင်းနှီးကြ သည်။ လကျ်ာထွန်းသည် သူ့မိသားစု ဓာတ်ပုံတိုက်၏ အပေါ်ထပ်တွင် နေသည်။ လကျ်ာထွန်းသည် တောထဲကို လည်း လာဖူး၏။ ထို့ပြင် သူနှင့် ဆက်သွယ်သည်ဟု ဆိုကာ ကိုသိန်း၏ အမအရင်း နှစ်ယောက်နှင့် ညီမငယ် နှစ်ယောက် ကိုပါ အမှုတွဲထဲတွင် ဆွဲထည့်ပြီး ပုဒ်မ ၁၇ / ၁ ဖြင့် ထောင်သုံးနှစ်စီ ချမှတ်ခြင်း ခံခဲ့ရပါ သည်။ အမ နှစ်ယောက်က ဒေါ် ခင်မြင့် နှင့် ဒေါ်ခင် ဆင့်တို့ ဖြစ်ကြပြီး ညီမနှစ်ယောက်မှာ မခင်မကြီးနှင့် မခင်မလေးတို့ဖြစ်ကြသည်။ ခေတ်ဆိုး စံနစ်ဆိုးကို အံတုသ ဖြင့် မောင်နှမ ငါးယောကက် တပြိုင်နက် ထောင်နန်းစံခဲ့ကြရသည့် အဖြစ် ဖြစ်၏။
ထို့ကြောင့် သေဒဏ် ကြိုးမိန့် ချခံရသည့် အကျဉ်းသားများကိုထားရှိရာ နှစ်တိုက် အတိုသို့ သူတို့ ခြောက် ယောက်စလုံးကို ပို့ဆောင်ခြင်း ခံရ၏။ နှစ်တိုကို ”သေဒဏ်တိုက်” ” ကြိုးတိုက်” ဟု အကျဉ်းသားများက ခေါ်ကြသည်။ သူတို့ နှစ်တိုကို ရောက်ခါစက သေဒဏ်ကျ နိုင်ငံရေးသမားတော့ မရှိပါ။
သေဒဏ် ကြိုးကျထားသူများမှာ သူတို့အမှုတွဲလောက်သာ ရှိသည်။ အကြောင်းမှာ ၁၉၉၇ ခုနှစ်က နိုင်ငံတော် လွတ် ငြိမ်းချမ်းသာခွင့် လာထားသောကြောင့် ယခင်က သေဒဏ်ကျထား အားလုံးမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းသွားကြသောကြောင့် ဖြစ်၏။ ကျွန်းပြစ်ဒဏ်မှာ အနှစ် နှစ်ဆယ်နှင့် ညီ၏။ ထို့ကြောင့် ကျွန်း ပြောင်းသွားသူများ ထဲမှ ဦးတိုက်ယဉ်နှင့် နှစ်တိုထဲတွင် စတင် တွေ့ရသည်။ ဦးတိုက်ယဉ်မှာလည်း ၁၂၂/ ၁ ပုဒ်မဖြင့် ပြစ်ဒဏ် ကျခံ နေရသူဖြစ်ပြီး ခြေချင်းနှင့် နေနေရသည်။
သူ့ကို သေဒဏ်ချမှတ်ခံလိုက်ရသည့် အချိန်၌ သူ့စိတ်ထဲတွင် ခိုင်ခိုင်မာမာ ယုံကြည်လိုက်တာတစ်ခုက ငါတော့ ထောင်ထဲမှာ အမှန်တကယ် သေရမယ် ဟု ဖြစ်၏။ ထို့ကြောင့် ရသရွေ့ အချိန်တိုင်း၌ ဗုဒ္ဓ၏ တရား ဓမ္မများကို ကျင့် ကြံအားထုတ်မည်ဟု ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ ဘာသာရေးနှင့် ပတ်သက်သော စာအုပ်စာ ပေများကို ရရင်ရသလောက် ဖတ်ရှုလေ့လာခဲ့သလို နားလည်သည့်လူကို မေးမြန်း၏။ တရားထိုင်သည့် အလုပ်ကိုသာ အာရုံထားပြီး လုပ်ခဲ့သည်။ သည့်အတွက် အာဏာပိုင်များက ပေးသည့် ဒုက္ခဝေဒနာများကို သိပ်ပြီး မခံစားရတော့ချေ။ အာဏာပိုင်များက ပေးသည့် ဒုက္ခဝေဒနာများကို အရှုခံ တရားအဖြစ် ပြောင်းလဲ လိုက်ပြီး တရားမှတ်သောကြောင့် တခြားသူများကဲ့သို့ စိတ်ပျက် ဝမ်းနည်း ထိခိုက် ခံစားမှု မဖြစ်တော့ခြင်း ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် တခြားသော သေဒဏ်ကျ အကျဉ်းသားများ မခံစားနိုင်လောက်အောင် ဖြစ်သည့် ဒုက္ခများက သူ့အတွက် ထူးထူးခြားခြား ခံစားမှု မဖြစ်စေတော့ပါ။ ဘာသာရေးလုပ်ရင်းဖြင့် ထိုခံစားမှုများကို ဖြတ်ကျော်ခဲ့၏။ ပြီး တော့ အာဏာပိုင်များ၏ အပြုအမူများကို သိပ် ဂရုမမူတော့ဘဲ ငါ မသေခင် ရှင်သန်ခွင့် ရနေတုန်း တရား ဓမ္မတွေကို အကောင်းဆုံး ကျင့်သွားမယ် ဆိုသည့် စိတ်ဖြင့် နေထိုင်ခြင်းဖြစ်သောကြောင့် အာဏာပိုင်များက ပေးသော ဒုက္ခများက ထူးပြီး မခံစားရတော့ခြင်း ဖြစ်ကြောင်း သူက သူ့မိတ်ဆွေများကို ဤသို့ပြောပြတတ်သည်။
” တစ်ချို့သော ဒုက္ခဆိုတာက ကိုယ်က လက်ခံ ခံယူမှ ရတာ။ ကျွန်တော်က ဒါတွေကို ဒုက္ခရယ်လို့ မခံယူ တော့ သိပ် မခံစားရဘူး။ ကိုယ်က ကြိုးပေးပြီး သေရမယ်ဆိုတာကို လုံးဝ လက်ခံထားခဲ့ပြီမို့ သေခြင်းတရား ကိုတောင် မျက်နှာချင်း ဆိုင်ဖို့ ယုံကြည်ထားပြီမို့ ဒီ ဒုက္ခတွေလောက်ကတော့ သာမည အပကာရိက လောက် ဘဲ သဘောထား တော့တယ်လေ။ တကယ်တော့ လူတွေက မသေခင် သေပြီး ဘာဖြစ်မလဲ ငါ မရှိရင် ဘယ်လို နေမလဲ ဆိုတာတွေ တွေးပြီး ပူနေ ကြောက်နေကြတာပါ။ မရောက်သေး မဖြစ်သေးတဲ့ဟာကို ကြိုတင် ပူဆွေး သောက ရောက်နေကြတာ ပါ။ ကြို ပူတွေပေါ့။ ဘာသာရေးကို အတွင်းကျကျ နက်နက်ရှိုင်းရှိုင်း လေ့လာ ကျင့်ကြံ နေသူအတွက်ကျတော့ ဒီလို မဟုတ် တော့ဘူး။ ဘဝရဲ့ လက်ကျန်ချိန် ဒါမှမဟုတ် ရှင်သန်နေချိန်မှာ ကောင်းတာတွေ ဘာလုပ်နိုင်မလဲ ဆိုတာ တွေးတယ်။ လုပ်တယ်။ လိုရင်းကတော့ ပစ္စုပ္ပန် ကျကျ နေထိုင်တာ ပေါ့ ဗျာ။ ပစ္စုပ္ပန် ကျကျ နေထိုင်တဲ့သူမှာ နောက် ဘာဖြစ်မယ် ဆိုတာ တွေးမပူတော့သလို အတိတ်က အဖြစ်တွေအတွက်လည်း လွမ်းဆွတ် တမ်းတ မနေတေတာ့ဘူး ”
မျက်နှာချင်းဆိုင် အခန်းမှ အကျဉ်းသားများနှင့် တစ်ယောက်နှင့် တစ်ယောက် လှမ်းပြီး စကားလေး ဘာလေး ပြောဆို ဆက်သွယ်တတ်ကြသည်။ သတ်မှတ်ထားသည့် စည်းကမ်းအရတော့ တစ်ခန်းနှင့်တစ်ခန်း စကား ပြောဆို ဆက်သွယ် ခြင်းများ မလုပ်ရပါ။ အစားအသောက်များ ပို့ပေးခြင်းကိုလည်း မလုပ်ရပါ။
သို့သော်လည်း အကျဉ်းသားများကား ထိုစည်းကမ်းများကို သိပ်ပြီး လိုက်နာခြင်း မရှိကြပါး။ အမြဲဆင်းများက တဆင့် ဖြစ်စေ စားစရာများကို ဝေမျှ ပေးကြသလို သူတို့နှင့် အဆင်ပြေသော ထောင်ဝါဒါများ တာဝန်ကျသည့် နေ့များတွင် ကိုယ်တိုင် ပေးခြင်းယူခြင်းများကို လုပ်တတ်ကြသည်။ ထောင်မှ ချမှတ်ထားသည့် စည်းကမ်းများ မှာ ထောင်ပြင်မှ ပြည်သူတစ်ယောက်အဖို့ စဉ်းစား၍ပင် မရနိုင်လောက် တင်းကျပ်လွန်းသည့် အမိန့်များ ဖြစ် ၏။ ထိုစည်းကမ်းများကို ဖောက်ဖျက်မိသဖြင့် အပြစ်ပေးခံရမည်ဆိုပါကလည်း သာမန် ပြည်သူများ မည်သို့မျှ ခံစားနိုင်စွမ်း မရှိသည့် ပြစ်ဒဏ်မျိုးဖြင့် နှိုက်စက် ညှဉ်းပန်းခံရမည်မှာ သေချာသည်။
မည်သို့ပင် တင်းကျပ်ထားပါစေ။ အကျဉ်းသားများကား ထောင်အာဏာပိုင်များက ချမှတ်ထားသည့် စည်းကမ်း ဥပဒေများကို ရသည့်နည်းနှင့် ကျော်လွှားဆက်သွယ်ကြ၏။ ခိုးကြောင် ခိုးဝှက် နည်းလမ်းမျိုးစုံကို သုံးကာ အချင်းချင်း ကြိုးစား ဆက်သွယ် ကူညီကြသည်မှာ ထောင် ထုံးစံတစ်ခုပင်။
သူတို့ ရောက်ခါက အခန်းပြင်ဘက်ကို ထွက်သည်နှင့် တပြိုင်နက် ခေါင်းစွပ် စွပ်ရ၏။ ရေချိုးသွားလည်း ခေါင်းစွပ် စွပ်ရ၏။ ရေချိုးကန်သို့ ရောက်မှ ခေါင်းစွပ် ချွတ်ရ၏။ ထိုသို့ပြုမူခြင်းမှာလည်း အပြစ်ပေးခြင်းတစ်ခု ပင် ဖြစ်သည်။ ယင်းသို့ အခန်းပြင်သို့ ထွက်သည့်အခါတိုင်း ခေါင်းစွပ် စွပ်ထွက်ရခြင်းသည် ၁၉၉၉ ခုနှစ်အ တွင်း ထောင်ထဲသို့ နိုင်ငံတ ကာ ကြက်ခြေနီ အဖွဲ့ ( အိုင်စီအာရ်စီ ) ဝင်လာပြီး နောက်မှသာ လွတ်သွားလေ သည်။ သို့သော်လည်း ဆေးခန်းထွက် ရသည့် အချိန်။ ထောင်ဆေးရုံ သွားရသည့် အချိန် ထောင်ဝင်စာ ထွက် ချိန် စသည့် မိမိတို့ နေထိုင်ရာ တိုက်ပုရဝုဏ် အပြင်ဘက်သို့ ထွက်ရသည့်အခါတိုင်း ခေါင်းစွပ် စွပ်ရလေသည်။
ထောင်ကျကျခြင်း နှစ်လတိတိ ထောင်ဝင်စာ တွေ့ခွင့် မပေးသေးပါ။ အိမ်ကလာသော်လည်း ထောင်က ခွင့်မ ပြုခြင်း ဖြစ်သည်။ ထိုကာလက စားစရာ ဟင်းလေး ဘာလေး ပေး ကျွေးသူမှာ ဦးတိုက်ယဉ် ဖြစ်၏။ ဦးတိုက်ယဉ်မှာ သေဒဏ်မှ ကျွန်းသို့ ပြစ်ဒဏ်ပြောင်းထားခြင်း ခံရသူ ဖြစ်၏။ ဦးတိုက်ယဉ်မှာ မွန်ပြည်သစ် ပါတီနှင့် ဆက်သွယ်ပြီး ဗုံးခွဲသည် ဆိုသော အမှုဖြင့် သေဒဏ် ကျလာသူ။ သူလည်း နိုင်ငံတော် ပုန်ကန်မှု ၁၂၂/ ၁ ပါဘဲ။ သူက ဘဝစုံသည်။ ဓားပြ ခေါင်းဆောင်လည်း လုပ်ဖူးသည်။
ဦးတိုက်ယဉ်က ကစွန်းရွက်ကို ရေနွေးလေး ဆားလေးနှင့် ပြုတ် ကျွေးတာတို့ ဘာတို့ လုပ်ပေးသည်။ ထောင် ထဲမှာ သူ့နည်းသူ့ဟန်နှင့် ဖန်တီး ချက်ပြုတ်ထားသည့် ဟင်းကို မျှကျွေး သည်။ ငတ်ပြတ်နေသည့် နှစ်လအ တွင်းမှာတော့ သူပေးတာ ကျွေးတာကို စားရင်း အသက်ဆက်ခဲ့ရ၏။
တခြားသော သေဒဏ်ကနေ ကျွန်းပြစ်ဒဏ်ကို ပြောင်းထားသည့် အကျဉ်းသားတွေလည်း ရှိကြသည်။ သူတို့ က မနက်မိုးလင်းပြီဆိုလျှင် ခြေချင်း တဂွမ်းဂွမ်း တချွင်ချွင်နှင့် ထွက်သွားကြသည်။ ပြန်လာပြီဆိုလျှင် သူတို့ သည် တောင်ယာမှ ဟိုအရွက် ဒီအရွက်များကို ခူးယူလာကြပြီးလည်း ပေးကြ၏။ သူတို့ယူလာပေးသည်များကို ဟင်းအဖြစ် စားသောက် ကြရသည်။
ထောင်မှ ပေးသော ပဲဟင်းဆိုသည်မှာ နာမည်ကသာ ပဲဟင်းဟု ပြောသော်လည်း ပဲဖတ်ကို တွေ့ရန် အလွန် ခဲယဉ်း သော ပဲဟင်းဖြစ်သည်။ ဦးတိုက်ယဉ်တို့ကား တခါတရံတွင် ပဲဖတ်ပါသည့် ပဲဟင်းများကို အပြင်မှ ပြန်လာစဉ် ရအောင် ယူလာတတ်ကြသည့်အခါများလည်း ရှိ၏။ မည်သို့ ရလာသည်လဲတော့ မသိ။ ထိုသို့ ရလာသည့်အခါများတွင်လည်း ပဲဟင်းဖတ်များကို လာပေးကြသည်။ ယခင်က လူချင်း မသိကြခဲ့ကြသော်ငြား လည်း ဘဝတူချင်းမို့ ကိုယ်ချင်းစာတရား ထားကာ မျှဝေ စားသောက်ကြခြင်းပင် ဖြစ်သည်။
သူ ထောင်ဝင်စာလာသည့် အချိန်တွင် သူတို့ကို ပြန်မျှကျွေးခဲ့သည်။ သေဒဏ်တိုက်မှာကတော့ ဘာပြစ်မှု ညာ ပြစ်မှုဟု ခွဲခြား မဆက်ဆံကြပါ။ တန်းတူဘဲ ဆက်ဆံကြ၏။ စားသောက်ကြ၏။ ကိုပါထွေးဆိုလျှင် မိဘတွေက ကရင်ပြည် နယ် လှိုင်းဘွဲ့ ဘက်တွင် နေကြသူမို့ ထောင်ဝင်စာ မလာနိုင်။ ထောင်ဝင်စာ လာသူက မလသူများ ကို မျှဝေစားကြသည်။ ရဲဘော် ရဲဘက်စိတ်နှင့် ခင်ခင်မင်မင် နေကြ၏။
စိုးသီဟတို့ ရောက်လာသည့်အခါ သူ နည်းနည်း အားရှိသွားသည်။ အစက နိုင်ငံရေး ပုဒ်မနှင့် သေဒဏ် ကျနေသည့် အကျဉ်းသားဆိုလို့ သူတို့လောက်ဘဲ ရှိသည်။ စိုးသီဟတို့ ရောက်လာတော့ အားရှိတာပေါ့။ ကိုစိုးသီဟက စကား ပြော ကောင်းသည်။ အရင် ရောက်နှင့်နေသည့် သူတို့က စိုးသီဟတို့ကို အားပေး ကူညီကြ၏။
ထို့နောက် ကြိုးတိုက်ထဲတွင် နိုင်ငံရေးသမား များလာသည်ဟု ဆိုပြီး သူတို့ လူဟောင်းတွေကို သာယာဝတီ ထောင်သို့ ပြောင်းရွှေ့ပေးခြင်း ခံလိုက်ရလေသည်။