မော်လမြိုင် – ဇန်နဝါရီ(၁)

လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားတွေ တိုက်ခိုက်ခံရချိန်မှအပ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ကျူးလွန်နေတဲ့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် တနှစ်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ သူတို့အတင်းခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို နေ့စဉ်လိုလို လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်နေသလို စစ်ကိုင်း၊ မကွေးလို ဒေသတွေက ပြည်သူ တွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့တာအပြင် အတင်းအဓမ္မဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံပြီး အဖြေမထွက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ပြီး NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်(၇) ဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ ရှမ်းပြည် ပြန်လည်ထူထေောင်ရေးကောင်စီ (RCSS/SSA) စတဲ့ အဖွဲ့တွေနဲ့သာ အပစ်ရပ်ထားတာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ အပစ်ရပ် ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေရဲ့ သဘောထားမှတ်ချက်တောင်းခံဖို့ သံလွင်တိုင်းမ် အနေနဲ့ (၃)ဖွဲ့ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

စစ်ကောင်စီဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၂၁) ရက်ကစပြီး ၂၀၂၂ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ (၄) နှစ်အတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို အကြိမ်(၂၀) ထက်မနည်း ထုတ်ပြန်ထားတယ် လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.