မော်လမြိုင် – အောက်တိုဘာ(၂၆)

ပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်နေတဲ့ တရားခံ အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေးအရေးယူ ရေးဟာ နိုင်ငံတကာအရေးဖြစ်သလို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို အပြီးတိုင်ဖယ်ရှားနိုင်ရေးဟာ ပြည်ထောင်စုအရေးဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေကို နေ့စဉ်ကျူးလွန်နေသလို မှားပြီး သားအမှားတွေကို နောက်ထပ်အမှားတွေကျူးလွန်ပြီး ဖုံးကွယ်နိုင်ဖို့ ကြိုးပမ်းနေတဲ့အဖွဲ့ အစည်း ဖြစ်တယ်လို့ PNFC က ဆိုထားတာပါ။

“အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာက စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး၊ဒီမိုကရေစီ အရေးနဲ့ ဖက်ဒရယ်အရေးတည်ဆောက်ဖို့ သူတို့ဘက်ကလုံးဝမရှိတော့ဘူး။ ဒီအပြုအမှုတွေဟာ စစ်ကောင်စီက နိုင်ငံရေးအရ ဖြေရှင်းဖို့ထပ်စာရင်လက်နက်နဲ့ လုယူထားတဲ့အာဏာတည်မြဲဖို့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကိုတိုက်ခိုက်တာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပါတယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ပြောခွင့်ရ ခွန်ဝါးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၃) ရက်နေ့က KIO (၆၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ် နေစဉ်စစ်ကောင်စီသုံး လေယာ​ဉ်(၃) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ အစုလိုက် အပြုံလိုက်သေဆုံးခဲ့သလို စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာက ကျောင်းသားကလေးငယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီလို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပအိုဝ်းပြည်သူတွေအနေနဲ့ ဘဝတူတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနဲ့ အတူပူးပေါင်းပြီး တိုင်းရင်း သားလူမျိုးပေါင်းစုံပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့၊စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို အပြီးတိုင်ဖျက်သိမ်းဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၂၄၀) ကျော် ပြုလုပ်ထားပြီးပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.