ကော့ကရိတ် – အောက်တိုဘာ(၅)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီ-ကော့ကရိတ်အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ဇာတ်ပွဲ ကားတိမ်းမှောက်ပြီး (၆) ဦးသေဆုံးကာ (၁၅) ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ညနေ(၄) နာရီကျော်က ပွင့်နေခြည်ဇာတ်သဘင်ကားဟာ ဘရိိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ။

“ကားကလမ်းအဆင်းမှာ ဘရိတ်ပေါက်ပြီးမှောက်သွားတာ။ ကားချင်းတိုက်တာမဟုတ်ဘူး။ ဘရိတ်ပေါက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင်နဲ့ တိုက်ပြီးမှောက်တာ။ သေဆုံးဒဏ်ရာ ရများတယ်” လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကားတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူတွေထဲက (၈) ဦးဟာ စိုးရိမ်ရအခြေအနေမှာ ရှိနေပြီး သေဆုံးသူတွေကိုတော့ လူမှုကူညီရေးအသင်းကားတွေနဲ့ မြဝတီဆေးရုံကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကို မူလက ဇာတ်သတင်းကားနဲ့ ကုန်ကားတိုက်မိတယ်ဆိုပြီး သတင်းတွေထွက်ပေါ် ထားပါသေးတယ်။

မြဝတီ- ကော့ကရိတ်အာရှလမ်းဟာ မကြာခဏ ယာဉ်တိုက်မှု၊ယာဉ်တိမ်းမှောက်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ ဖြစ်နောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပုလဲဖြူလူမူကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.