မော်လမြိုင် ၊ မတ် (၃၁)
အာဏာသိမ်း စစ်ကောင်စီကို တိုက်ထုတ်ဖို့ ကရင်နီလူငယ်တွေ တော်လှန်ရေးမှာ ပိုမို ပါဝင်လာတာကြောင့် လက်နက်နှင့်ကျည်တွေ လိုအပ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ကရင်နီပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ ပစ်ခတ်သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အခုနောက်ပိုင်း ကာလတွေမှာ လွိုင်ကော်နဲ့ဒီမော့ဆိုမြို့ပေါ် ကရင်နီလူငယ်တွေဟာ လက်နက်ကိုင် တော်လှန်ရေးထဲ ပိုမို ပါဝင်လာတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်လာတဲ့ လူငယ်တွေအတွက် လက်နက်နဲ့ကျည်တွေ လိုအပ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ ရှိသမျှလူငယ်တွေအားလုံးနီးပါး တော်လှန်ရေးထဲမှာ ပါဝင်လာကြတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်အင်အားတွေလည်း များလာတော့ လက်နက်တွေလည်း လိုအပ်လာတယ်။ လက်နက်ရှိရုံနဲ့ မပြီးသေးဘူး။ တိုက်ပွဲဖော်ဆောင်တော့ ကျည်တွေလိုအပ်လာတယ်။ လက်နက်နဲ့ကျည်တွေကတော့ မရှိမဖြစ် အလိုအပ်ဆုံး အရာတွေပါ” လို့ ဆိုပါတယ်။
ဒါကြောင့် လိုအပ်နေတဲ့ လက်နက်နှင့်ကျည်တွေအတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင် လှူဒါန်းပေးကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFက တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်နက်ခဲယမ်းတွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ကရင်နီပြည်နယ်မှာတော့ အခုလ အစောပိုင်းကာလတွေမှာ စစ်ကောင်စီဘက်က လေကြောင်း အပါအဝင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒီမော့ဆိုနဲ့ ဒေါင်းငံခါးဒေသက နယ်မြေတချို့ကို ယာယီလက်လွှတ် ပေးထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်