မော်လမြိုင် ၊ မတ် (၃၀)

ဧပြီလမှာ ပြန်လည်ဖွင့်လှစ်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြင်ဆင်နေတဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အစီအစဉ်ဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ ဧည့်လမ်းညွှန်တွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို လာမယ့် ဧပြီလမှာ စတင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်

စစ်ကောင်စီဘက်ကတော့ နိုင်ငံတကာ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ဖို့အတွက် နိုင်ငံခြားသားတွေ နိုင်ငံအတွင်း လွယ်ကူစွာ ဝင်ရောက်နိုင်ဖို့ လာမယ့် ဧပြီ ၁၇ ရက်နေ့ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်လည် ပြေးဆွဲခွင့် ပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လုံခြုံရေး အခြေအနေ အပါအဝင် တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကြောင့် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြည်တွင်းပြည်ပ ဧည့်လမ်းညွန် တစ်ဦးက ပြောပါတယ်။



“ ပထမ အခြေအနေလို လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ဘူး၊ နိုင်ငံခြားသား သွားမယ်ဆိုရင် (၅)ရက် ကြိုတင် ကျွန်တော်တို့ စာတင်ရတယ်၊ ပြီးလို့ရှိရင် ဘွန်းထိုးရတာ ရှိတယ်၊ ဒီနိုင်ငံခြားသား တွေက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး မဝင်စွက်ဖက်ဖို့ဆိုတာ ဟိုတယ်ပိုင်းကလည်း ဘွန်းထိုးရတာ ရှိတယ်၊ ဟိုတယ်တွေကလည်း နိုင်ငံခြားသားကို လက်မခံရဲဘူး၊ အဲ့ဒီပြဿနာ ရှိနေတယ် ကျွန်တော်တို့မှာ လက်ရှိပေါ့၊ နောက်မာရှယ်လော ကိစ္စဆိုတော့ (၈)နာရီထိုးတာနဲ့ရပ် သူတို့ရဲ့ သံရုံးအမိန့်အရ (၈)နာရီထိုးတာနဲ့ ရောက်တဲ့နေရာမှာ သူတို့ရပ် လုံခြုံတဲ့ နေရာကိုရှာ ရတယ်ပေါ့၊ ခရီးအရမ်းသွားလို့ မရဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ပြည်တွင်းရှိ ခရီးသွား ပြည်သူတွေတောင် နေရာအနှံ့ သွားလာလို့ မရတဲ့အတွက်ကြောင့် ပြည်ပ ခရီးသွားတွေ ဝင်ရောက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

ခရီးသွားလုပ်ငန်း အောင်မြင်ဖို့ဆိုရင် နိုင်ငံ တည်ငြိမ်အေးချမ်းအောင် အရင်ဆုံး ဆောင်ရွက်ရမှာ ဖြစ်ပြီး တင်းကြပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း ဖြေလျော့ဖို့ လိုတယ်လို့ ဧည့်လမ်းညွှန်တွေက ဆိုကြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်ဖြစ်ပြီးနောက် ပြည်ပခရီးသွားဝင်ရောက်မှု မရှိတာ ၂ နှစ်ကျော် ကြာမြင့်လာပြီး ဖြစ်သလို ခရီးသွားဝင်ရောက်မှု မရှိတာကြောင့် ဟိုတယ်လုပ်ငန်းတွေနဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း အများစု ရပ်နားထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.