မော်လမြိုင် ၊ မတ် (၃၀)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပေါ် စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဖိအားပေးမှုတွေ လုပ်ဆောင်နေတာဟာ KNU နဲ့ PDF ကို ထိုးခွဲဖို့ လုပ်တာ ဖြစ်တယ်လို့ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။

လတ်တလောမှာတော့ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့တာအပြင် သံချပ်ကာကား အသုံးပြုပြီးတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ KNU နဲ့ PDF တစ်ဖွဲ့တည်း ဖြစ်နေတာကြောင့် ထိုးခွဲဖို့ ဆောင်ရွက်တာ ဖြစ်သလို နောက်ပိုင်းမှာ KNU ဘက်ကို အပစ်ရပ်ရေးအတွက် ဖိအားပေး ဆောင်ရွက်တဲ့ သဘော ဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

“ သူတို့က ဒီလိုထိုးစစ်ဆင်ပြီး ထိုးခွဲဖို့ လုပ်နေတာ ။ PDF တွေရပ်တည်လို့ မရအောင် ။ သူတို့က ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာလေ။ ကျွန်တော်တို့ကို ထိုးစစ်ဆင်ပြီး ပြည်သူတွေ အထိနာတဲ့အခါ နောက်ဆုံး ရပ်တည်လို့မရတော့အောင် လုပ်နေတဲ့ သဘောပါ” လို့ ဆိုပါတယ်။



စစ်ကောင်စီရဲ့ အခုထိုးစစ်ဟာ PDF တပ်ဖွဲ့တွေ ရပ်တည်ဖို့မလွယ်တော့အောင် ဆောင်ရွက်တာ ဖြစ်သလို တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ချိတ်ဆက်လုပ်ဆောင်မှု ခက်ခဲသွားအောင် ကြိုးပမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အမှန်တကယ်အပစ်အခတ် ရပ်စဲရေးလုပ်မယ်ဆိုရင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲကနေ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ တပ်တွေအားလုံး ပြန်လည် ထွက်ခွာသွားဖို့ လိုတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“ ကျွန်တော်တို့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲ ဝင်သွားမှာပါ။ အပစ်အခတ်ရပ်စဲမယ်ဆိုရင်တော့ စိတ်ရင်းစေတနာရှင်းမှ ရပါမယ်။ ဒီနယ်မြေ ထဲမှာ ရှိတဲ့တပ်တွေအကုန် ထွက်သွားပါ။ အဲ့တာမှ နောက်တဆင့်ကို စဥ်းစားလို့ ရပါမယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တကယ်တမ်း စိတ်ရင်းစေတနာနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် နေရာဒေသတစ်ခုတည်းတင်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးက နေရာဒေသအနှံ့အပြားမှာ သေသေချာချာ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြား နေတာကြောင့် လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေ အသုံးပြုနေရသလို စစ်အင်အား အများအပြား စေလွှတ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.