မော်လမြိုင် ၊ မတ် (၁)

ဖာပွန်မြို့ပေါ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲပိုမို ပြင်းထန်လာတာကြောင့် ဒေသခံအရပ်သားပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေ ပြောပါတယ်။

ဖာပွန်မြို့အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ နေ့စဉ်လိုလိုကြားနေရပြီး အခုအခါမှာတော့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအပြင် မြို့ခံပြည်သူတွေလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာရတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ဖာပွန်မြို့အတွင်းမှာလည်း လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖာပွန်မြို့ကို စွန့်ခွာထွက်ပြေးလာတဲ့ မြို့ခံတစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ သေနတ်တွေက ဆက်တိုက်ပစ်နေတာ ၊ လက်နက်ကြီးတွေရောပဲ တညလုံး ပစ်နေကြတာ။ အန်တီတို့ အိပ်တောင် မအိပ်ရဲကြဘူး။ ဒါကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ။ အိမ်နီးနားချင်းတွေလည်း ထွက်လာနေကြပြီး” လို့ ဆိုပါတယ်။

KNU တပ်မဟာ ၅ ကတော့ စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးတွေအပေါ် လက်နက်ကြီးတွေ နေ့စဉ်နဲ့အမျှ ပစ်ခတ်တာတွေကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဖာပွန်မြို့ခံ (၈၁)ဦး နေအိမ်တွေကိုစွန့်ခွာလာပြီး အခြားဘေးလွတ်ရာဒေသဘက်ကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖာပွန်မှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးပဋိပက္ခအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်းရှိနေပြီး ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၂၀ ရက်နေ့အတွင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလေးဦးသေဆုံးသွားခဲ့သလို (၁၄) ဦး ထိခိုက်သွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ သောင်းချီရှိနေပြီး လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် စစ်ဘေးရှောင်ဦးရေဟာ ပိုမိုများပြားလာနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.