တိုကျို၊ နိုဝင်ဘာ ၂

ဂျပန်အစိုးရအနေဖြင့် ကာလတို စီးပွားရေးလုပ်ငန်းခရီးစဥ်များ၊ ကျောင်းတက်ရန်နှင့် နည်းပညာ ဆိုင်ရာ သင်တန်းများတက်ရောက်ရန် နိုင်ငံအတွင်းသို့ဝင်ရောက်လာကြမည့် နိုင်ငံခြားသားများအတွက် ကိုဗစ်-၁၉ စည်းကမ်းများကန့်သတ်ထိန်းချုပ်မှုကို ဖြေလျှော့ပေးရန် လုပ်ဆောင်နေသည်။ ဤဖြေလျှော့မှုတွင် ခရီးသွားဧည့်သည်များ မပါဝင်သေးပါ။

ဂျပန်အစိုးရအနေဖြင့် ယခုသီတင်းပတ် အစောပိုင်းတွင် မူဝါဒအပြောင်းအလဲများကို ထုတ်ပြန် ကြေငြာ နိုင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်း ယခုလအတွင်း စတင်နိုင်မည်ဟု မျှော်မှန်းထား သည်။  

ဂျပန်အစိုးရသည် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ်များလျှော့ပါးလာခြင်းနှင့်အတူ စီးပွားရေးကဏ္ဍ တွင် စိတ်ပျက်ဖွယ်  အခြေအနေများနှင့်သာ ဖြစ်ပေါ်ခဲ့သောကြောင့် နိုင်ငံခြားသားများ ဝင်ရောက်မှုကို ပိတ်ပင်ထားသည် အမိန့်ကို တဖြည်းဖြည်းလျှော့ချသွားနိုင်ရန် ရည်ရွယ်နေသည်။ 

ကာလတို စီးပွားရေးခရီးစဥ်များဖြင့် လာရောက်ကြမည့် ကာကွယ်ဆေးထိုးနှံပြီးသား ခရီးသွား ဧည့်သည်များအတွက် ကွာရန်တင်းလိုအပ်ချက်ကို ယခုအခါတွင် ၁၀ ရက်မှ ၃ ရက်အထိ လျှော့ချထားပြီး ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသားများကို လက်ခံခေါ်ယူသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် ယင်းတို့၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်ရမည်ဖြစ်သည်။

အဆိုပါ ၃ ရက်တာနေထိုင်ရမည့် ကွာရန်တင်းလိုအပ်ချက်သည် အခြားနိုင်ငံများမှ ဂျပန်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ဂျပန်နိုင်ငံသားများအတွက်လည်း အကျုံးဝင်သည်။ 

အောက်တိုဘာ ၁ ရက်နေ့သတင်းထုတ်ပြန်ချက်အရ နယ်စပ်ကန့်သတ်ချက်များကြောင့် ဂျပန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်မရသည့် နိုင်ငံခြားသားဦးရေမှာ ၃၇၀,၀၀၀ ခန့်ရှိပြီး အဆိုပါကိန်းဂဏန်းအနက် ၇၀ ရာခိုင်နှုန်းသည် နည်းပညာဆိုင်ရာ အလုပ်သင်များနှင့် နိုင်ငံရပ်ခြားမှ ကျောင်းသား/သူများဖြစ်သည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ကဏ္ဍများတွင် လုပ်သားပြတ်လပ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရ ကာ စာသင်ကျောင်းများတွင်လည်း နိုင်ငံရပ်ခြားမှ ကျောင်းသား/သူများ လက်ခံခွင့်မရှိသေးသော ကြောင့် အဆိုပါကဏ္ဍများအတွက် အသစ်ထပ်မံ ဝင်ရောက်လာကြမည့် ဆိုက်ရောက်ခရီးသည်များကို ခွင့်ပြုပေးနိုင်ရန် တောင်းဆိုထားကြသည်။  

ထို့ကြောင့် ဖြေလျှော့စည်းကမ်းများသည် အသစ်ဝင်ရောက်လာမည့် ခရီးသည်များအတွက် အကျုံး ဝင်သည်။ လက်ခံခေါ်ယူသော ကုမ္ပဏီများ၊ စာသင်ကျောင်းများနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း အဆိုပါခရီးသည်များ၏ ကူးစက်ရောဂါထိန်းချုပ်မှုအတိုင်းအတာများကို သက်ဆိုင်ရာ အစိုးရဌာနများ သို့ အစီရင်ခံရမည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.