နယူးဒေလီ၊ အောက်တိုဘာ ၆

အိန္ဒိယနိုင်ငံ၏ ပြည်နယ်အာဏာပိုင်များမှ ကိုဗစ် ၁၉ ရောဂါကြောင့်ဖြစ်ပေါ်ရသော အသက်ဆုံးပါးမှုဖြစ်စဥ်တစ်ခုစီအတွက် လျော်ကြေးငွေ ရူပီး ၅၀,၀၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးရမည်ဖြစ်ပြီး ၎င်းသည် ကျန်ရှိသော မိသားစုဝင်များ၏ ဆုံးရှုံးနစ်နာမှုများကို ဖြေရှင်းကူညီနိုင်ရန်အတွက် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံး ရုံးတော်မှ အမိန့်ထုတ်ပြန်ထားပါသည်။

အိန္ဒိယနိုင်ငံသည် သေဆုံးမှုနှုန်း ၄၄၉,၂၆၀ ဦးထိရှိပြီး ကျွမ်းကျင်ပညာရှင်များက တောင်တန်းကျေးလက် ဒေသများတွင် စာရင်းရေတွက်မှုအတွင်း မပါဝင်နိုင်သော သေဆုံးသူဦးရေမှာ သန်းရာချီရှိနိုင်ကြောင်းဟု ပြောကြားထားပါသည်။

နယူးဒေလီအပါအဝင် အဓိကမြို့များတွင်မူ ဆေးရုံများ၏ ကုတင်အရေအတွက်များ မလုံလောက်၍ သော်လည်းကောင်း၊ အောက်ဆီဂျင်ပံ့ပိုးမှု မလောက်ငှ၍သော်လည်းကောင်း အစီရင်ခံနိုင်ခြင်း မရှိသည့် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုဖြစ်စဥ်များမှာ မြောက်များစွာရှိနိုင်ကြောင်းဟူ၍လည်း အဆိုပါ ပညာရှင်များမှ ပြောကြားခဲ့သည်။

အယူခံဝင်သူများသည် အမြင့်ဆုံးရုံးတော်မှတဆင့် အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်များထံသို့ လျော်ကြေးငွေကို အနည်းဆုံး ရှစ်ဆ သို့မဟုတ် ရူပီးငွေ ၄၀,၀၀၀ အထိ တောင်းဆိုခဲ့ကြပြီး အစိုးရအနေဖြင့် ငလျင်ဖြစ်ပေါ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များတွင်လည်း ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများကို ကူညီပေးအပ်ခဲ့သည့် ဖြစ်စဥ်ဖြစ်ရပ်များလည်း ရှိခဲ့ပါသည်။

ဗဟိုအစိုးရသည် အမြင့်ဆုံးရုံးတော်မှ အတည်ပြုထားသည့် အဆိုပါထုတ်ပြန်ချက်အရ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ အစိုးရရန်ပုံငွေကို အသုံးပြု၍ ဒေသန္တရအာဏာပိုင်များမှ အနည်းဆုံး ပေးအပ်ရန် လိုအပ်သော ပမာဏကို သဘောတူခဲ့သည်။

ဤရန်ပုံငွေသည် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများမှ အခြားသောအစီအစဥ်အမျိုးမျိုးအောက်မှ ပေးအပ်သောအခြားသော ရန်ပုံငွေများထက် ပိုမိုသာလွန်နိုင်ပါလိမ့်မည်။

အမြင့်ဆုံးရုံးတော်၏ အမိန့်စာတွင် “သက်ဆိုင်သော အာဏာပိုင်များသည် ကိုဗစ် ၁၉ ကြောင့် မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးရခြင်းကြောင့် ခံစားခဲ့ရသူများ၏ မျက်ရည်များကို သုတ်ပေးနိုင်မည့် အကူအညီဖြစ်စေသော လက်တစ်စုံအဖြစ် ဆောင်ရွက်သင့်သည်” ဟု ပါရှိသည်။

လျော်ကြေးငွေတောင်းခံမှုများကို အတိတ်ကာလရှိ ရှည်ကြာသော လုပ်ထုံးလုပ်နည်းများအတိုင်း မဆောင်ရွက်ပဲ တင်ပြတောင်းခံမှုများကို ရက် ၃၀ အတွင်း ပေးချေနိုင်ရန် ဆောင်ရွက်ပေးရမည်ဟု အိန္ဒိယ၏ အမြင့်ဆုံးရုံးတော် မှ ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်များသို့ အမိန့်ထုတ်ပြန်ခဲ့သည်။

တရားဝင်ကိန်းဂဏန်းအချက်အလက်များအရ ဧပြီလနှင့် မေလတွင် ကူးစက်ရောဂါများ မြင့်တက်ချိန်၌ နိုင်ငံ၏ ကျန်းမာရေးစနစ်သည် အရည်အသွေးကျဆင်းခဲ့ရပြီး ပိုမိုကူးစက်လွယ်ပြီး အန္တရာယ်ရှိသော Delta variant ကြောင့် မေလတစ်လအတွင်းတွင် လူဦးရေပေါင်း ၁၇၀,၀၀၀ အထိ သေဆုံးခဲ့ရသည်။

အိန္ဒိယနိုင်ငံတွင် ဩဂုတ်လမှ စတင်၍ သေဆုံးမှုများမှာ သိသိသာသာကျဆင်းခဲ့ပြီး နေ့စဥ်ကူးစက်မှုများမှာလည်း ၃၄,၀၀၀ တဝိုက်တွင်သာ ရှိနေခဲ့ပြီးဖြစ်သည်။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနသည် ပေးအပ်ရန်လိုအပ်သော ပမာဏကို ဆုံးဖြတ်နိုင်ခြင်းအပေါ် မှတ်ချက် တစုံတရာပေးနိုင်ရန်အတွက် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမပြုခဲ့ပါ။

အိန္ဒိယနိုင်ငံသည် အလုံးစုံသော ရောဂါကူးစက်မှုနှုန်းမှာ ၃၃.၈၅ သန်းအထိရှိပြီး ကမ္ဘာ့အတိုင်းအတာအရ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအဆင့်တွင်ရှိနေသော နိုင်ငံဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.