ဟနွိုင်း၊ ဩဂုတ် ၂၄

ဩဂုတ်လ ၂၄ ရက်နေ့တွင် လာရောက်ရန်စီစဥ်ထားသော အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကမ်မာလာဟဲရစ်၏ ခရီးစဥ်မတိုင်ခင် ဩဂုတ်လ ၂၃ ရက်နေ့ တနင်္လာနေ့၌ တရုတ်နိုင်ငံထုတ် ဆီနိုဖမ် COVID 19 ကာကွယ်ဆေးများ ကို တင်ဆောင်ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်တပ်၏ သယ်ယူပို့ဆောင်ရေးလေယာဥ်သည် ဗီယက်နမ်နိုင်ငံသို့ ဆိုက်ရောက်လာခဲ့သည်။

ကာကွယ်ဆေးအလုံးအရေအတွက် ၂၀၀,၀၀၀ အတွက် လွှဲပြောင်းရယူရေးအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းရှိ နွံဘိုင်း နိုင်ငံတကာလေဆိပ်တွင် ကျင်းပခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်က တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံရှိ ကပ်ဘေးအခြေအနေများအပေါ် အနီးကပ်အာရုံစိုက်မှုထားရှိပြီး ကပ်ဘေးကို တိုက်ခိုက်နိုင်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်ရေးရာ အစုအဖွဲ့များအကြား ထင်ရှားသော ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ် သည်ဟူ၍လည်း အဆိုပါသံအမတ်မှ ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံအတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်နှင့် လူမှု-စီးပွာဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြင့်တင်နိင်စေရန် အလို့ငှာ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ ကိုဗစ် 19 ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ရေး တွင် ပူးပေါင်းဆောင်ရွက်သွားရန် စိတ်ဆန္ဒရှိနေသည့်အပြင် နှစ်နိုင်ငံကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းရေးရာနှင့်ဆက်စပ်သော ထောက်ပံ့ရေးကွင်းဆက်များ၏ တည်ငြိမ်မှုကိုလည်း သေချာအောင် ဆောင်ရွက်လိုခြင်းဖြစ်သည်ဟူ၍လည်း တရုတ်သံအမတ် မစ္စတာ ဇီအွန်မှ ပြောကြားခဲ့သည်။  

ဗီယက်နမ်နိုင်ငံ၏ စစ်တပ်အနေဖြင့် ထိုကဲ့သို့ နိုင်ငံရပ်ခြားစစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းများမှ ပေးအပ်သော ကိုဗစ် 19 ကာကွယ်ဆေးများကို လွှဲပြောင်းလက်ခံရရှိသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းအခြေအနေသည် နှစ်နိုင်ငံအကြား ကျယ်ပြန့်မှုရှိသော ကိုယ်စားပြုမှုနှင့် နည်းဗျူဟာကျ မိတ်ဖက်ဆောင်ရွက်မှုတစ်ရပ်ဖြစ်သည် ဟူ၍လည်း ဒုတိယ ကာကွယ်ရေးဝန်ကြီး Hoang Xuan Chien က ပြောကြားခဲ့သည်။

ကာကွယ်ဆေးများပေးအပ်ခြင်းအတွက် တရုတ်နိုင်ငံသို့ ကျေးဇူးဥပကာရတင်ရှိသလို ဗီယက်နမ်နိုင်ငံအနေဖြင့် ကပ်ဘေးကို ရှေ့တန်းမှနေ၍ တိုက်ခိုက်ကာကွယ်ပေးနေကြသော ဗီယက်နမ်နိုင်ငံသားများအတွက် ထို ကာကွယ်ဆေး အများစုကို စီမံခန့်ခွဲသွားမှာဖြစ်သည်ဟူ၍လည်း ပြောကြားခဲ့သည်။

လွန်ခဲ့သော တနင်္လာနေ့တွင်လည်း ဗီယက်နမ်နိုင်ငံသည် ပိုလန်နိုင်ငံမှ ပေးအပ်သော AstraZeneca ကိုဗစ် 19 ကာကွယ်ဆေး အလုံးအရေအတွက် ၅၀၁,၆၀၀ ကိုလည်း လက်ခံရရှိခဲ့ပါသည်။

စုစုပေါင်းအရေအတွက်အားဖြင့် ဖော်ပြရပါလျှင် ဗီယက်နမ်နိုင်ငံသည် ကိုဗစ် 19 ကာကွယ်ဆေးအလုံးအရေအတွက် ၂၃ သန်းကျော်ကို ဖူလုံအောင်လက်ခံထားရှိပြီးဖြစ်သော်လည်း နိုင်ငံလူဦးရေ ၉၈ သန်း၏ ၁.၈ ရာခိုင်နှုန်းကိုသာ ပြည့်ပြည့်ဝဝ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ထားနိုင်သောကြောင့် ၎င်းအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ ကာကွယ်ဆေးထိုးနှံရေးအခြေအနေများနှင့်စပ်လျဥ်းသည့် အနည်းဆုံးနှုန်းထားများ အနက်က တစ်ခုအဖြစ် ထင်ဟပ်နေသည်။

ဗီယက်နမ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ တနင်္လာနေ့ညနေပိုင်းထုတ်ပြန်ချက်များအရ ဧပြီလကုန်ပိုင်းမှ စတင်၍ နိုင်ငံအတွင်း ဖြစ်ပွားလာခဲ့သော လက်ရှိကိုဗစ်လှိုင်းကြောင့် ဒေသန္တရ ကူးစက်သူဦးရေ ၃၅၄,၃၅၅ ဦးအထိရှိပြီး ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။

ဗီယက်နမ်နိုင်ငံသည် ကနေ့အထိ ကူးစက်မှုဗဟိုချက်မဖြစ်သော ၎င်း၏ အကြီးမားဆုံးမြို့တော်ဖြစ်သည့် ဟိုချီမင်းတွင် ကိုဗစ် 19 ထိန်းချုပ်ကာကွယ်ရေးကို လုပ်ဆောင်ရန်အတွက် စစ်သားအရေအတွက်အများအပြားကို တနင်္လာနေ့မှ စတင်၍ တပ်ဖြန့်ထားခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ ဗီယက်နမ်စစ်သားများသည် မြို့တော်၏ လူနေအိမ်များထံသို့ အစားအစာများကို ဝေငှခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသလို နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော သတင်းဓါတ်ပုံ များအရ လက်နက်အပြည့်အစုံတပ်ဆင်ထားသော တပ်သားများသည် စစ်ဆေးရေးဂိတ်များတွင် စောင့်ကြပ်ခြင်းနှင့် စာရွက်စာတမ်းများ စစ်ဆေးခြင်းများ ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရသည်။

ဗီယက်နမ်အစိုးရသည် မြို့တော်ဟိုချီမင်းတွင် ဂျူလိုင်လအစောပိုင်းမှစတင်၍ အသွားအလာကန့်သတ်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ထားသော်လည်း ကူးစက်မှုများက ဆက်လက်မြင့်တက်နေသောကြောင့် ထိုကဲ့သို့သော အပြင်းအထန်ဆုံးတားမြစ်ချက်များကို ထုတ်ပြန်ခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်များသည်လည်း မကြာသေးမီ ကာလအတွင်းက ကန့်သတ်ထိန်းချုပ်မှုများကို လုံလုံလောက်လောက်ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ ကြောင်းကိုလည်း ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.