ပတ္တယား၊ ဩဂုတ် ၂၅

ကိုဗစ်ကာကွယ်ရေး ကြိုးနီ စနစ်နှင့် နှောင့်နှေးကြန့်ကြာမှုရှိသော ကိုဗစ် 19 ကာကွယ်ဆေးထိုးနှံမှုတို့ကြောင့် ထိုင်းနိုင်ငံ ပတ္တယားမြို့ရှိ ခရီးသွားလုပ်ငန်းကို သတ်မှတ်စီစဉ်ထားသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် အလားအလာမရှိနိုင်တော့သဖြင့် ဒေသခံစီးပွားရေးလုပ်ငန်းများက ပြစ်တင်ခဲ့ကြသည်။

ပတ္တယားမြို့ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအသင်း (PBTA) ဥက္ကဌက ပတ္တယားမြို့အား ပြန်လည်ဖွင့်လှစ်ရေး အစီအစဥ်မှာ ရွှေ့ဆိုင်းနိုင်စရာရှိသည်ဟူ၍လည်း လွန်ခဲ့သော စနေနေ့က ဝန်ခံပြောဆိုခဲ့ သည်။

PBTA ၏ ပြန်လည်ဖွင့်လှစ်ရေးတင်ပြချက်ကို အထူးကော်မတီမှ စဥ်းစားပေးသွားဖို့ရှိပြီး ထိုအစီအစဥ်ကို မစတင်ခင် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်နှင့် ကိုဗစ်-၁၉ အခြေအနေဆိုင်ရာစီမံအုပ်ချုပ်ရေးဗဟို (CCSA) ကို တင်ပြနိုင်ရေးမှာလည်း လိုအပ်သောဖြစ်စဥ်တစ်ရပ်ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

အထူးကော်မတီကို ပတ္တယားမြို့နှင့် ကမ်းခြေတည်ရှိရာ ချွန်ဘူရီဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် ဒေသခရီးသွားအာဏာပိုင်များအပါအဝင် ဘက်ပေါင်းစုံရှိ အစုအဖွဲ့များအားလုံးဖြင့် ဖွဲ့စည်းသွားရန်ရှိနေသည်။

အစိုးရအနေဖြင့် ကနဦးဆုံးဖွင့်လှစ်ရန် ရည်ရွယ်ထားသော ခရီးသွားဧည့်သည်များလည်ပတ်ရာအကျော်ကြားဆုံး နေရာ ၁၀ ခုအနက် ၁ ခုဖြစ်သည့် ပတ္တယားမြို့တော်သည် ချွန်ဘူရီဒေသတွင်တည်ရှိပြီး လက်ရှိတွင်လည်း အဆိုးရွားဆုံး ရောဂါကူးစက်ပျံ့ပွားမှုဧရိယာများအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

စက်တင်ဘာ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်ရေးအစီအစဥ် မစတင်ခင် ပတ္တယားမြို့ရှိ လူဦးရေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို ကိုဗစ်19 ကာကွယ်ဆေးထိုးနှံနိုင်ရေး ပူးတွဲအစီအစဥ်တစ်ရပ်သည်လည်း ပြီးမြောက်အောင်မြင်နိုင်ရန် အလားအလာမရှိနိုင်ကြောင်း ပတ္တယားမြို့ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း အသင်း (PBTA) ဥက္ကဌက ထပ်လောင်းပြောကြားခဲ့သည်။

(PBTA) ဥက္ကဌ မစ္စတာ ဘန်အာနန်က သူ့အနေဖြင့် အကြီးစားကာကွယ်ဆေးထိုးနှံရေးအစီအစဥ်မှာ ပြီးမြောက်အောင်မြင်နိုင်မည်နှင့်ပတ်သက်၍ သိရှိထားခြင်းမရှိဟူလည်း ပြောကြားခဲ့သည်။

PBTA အနေဖြင့် ပြန်လည်ဖွင့်လှစ်ရေးအစီအစဥ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ခရီးသွားဧည့်သည်များအတွက် အကန့်အသတ်ဖြင့် လည်ပတ်နိုင်မည့် လမ်းကြောင်းများပြင်ဆင်ရေးအတွက်ကိုမူ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။

ပတ္တယားမြို့တော်ဝန် Sontaya Khunpluem ကလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူအများကို အလျင်အမြန် ရှာဖွေပြီး ကုသနိုင်ရေးအတွက်ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဟူ၍လည်း ပြောကြားခဲ့သည်။

ပတ္တယားမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ လူဦးရေ ၅၁၉၆ ဦးကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်ခဲ့ပြီး အဆိုပါလူဦးရေ အနက် ၁၉၂ ဦးမှာ ရောဂါပိုး ကူးစက်ခံထားရတာဖြစ်သည်ဟု မြို့တော်ဝန်မှ ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.