ဘန်ကောက်၊ ဩဂုတ် ၂၄
ဆန္ဒပြလှုပ်ရှားမှုဖြစ်ပွားသည့် နေရာ၌ ရဲတပ်သားတစ်ဦး၏ နှိမ်နင်းဖြိုခွင်းမှုကြောင့် ယာဘက်မျက်လုံး၏ အမြင်အာရုံဆုံးရှုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူမစ္စတာ ထနက်သည် ထိုင်းဝန်ကြီးချုပ်ပရရွတ်ချန်အိုချာ ပြုတ်ကျရေးအတွက် တနင်္ဂနွေနေ့က ပြန်လည်စုဝေးလာခဲ့သည့် လှုပ်ရှားမှုတွင် ပြန်လည်ပါဝင်လာခဲ့သည်။
တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အဝိုင်း၌ ထလူဖါ့ (Thalufah) အဖွဲ့အစည်းမှ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော တက်ကြွလှုပ်ရှားမှုတွင် တနတ် ထနာကစ်ကီတမ်နွယ် အနေဖြင့် ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ရရှိရန်အတွက် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု၍လည်း ယင်းက ပြောကြားခဲ့သည်။
မစ္စတာ ထနက်သည် သူ၏ ယာဘက်မျက်ခုံးမှတဆင့် မျက်လုံးအား စက်ဝိုင်းခြမ်းပုံသဏ္ဍာန်ပြတ်ရှသွားသည့် ဒဏ်ရာကို ရရှိခံစားခဲ့ရပြီး သြဂုတ်လ ၁၃ ရက်နေ့က မြို့တော်ဒင်းဒဲဧရိယာ၊ ဘန်ကောက်ရှိ ဆန္ဒပြစုဝေးမှုအတွင်း ဆလင်ဒါပုံသဏ္ဍာန်အရာဝတ္ထု/မျက်ရည်ယိုဗုံးကျရောက်ပေါက်ကွဲမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။
အစိုးရဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နင်းမှုနှင့် သက်ဆိုင်သော အာဏာပိုင်များကို ဥပဒေအရ အရေးယူဆောင်ရွက်မှုကို ဆောင်ရွက်သွားမည်ဟု မစ္စတာ ထနက်၏ မိသားစုဝင်များမှ ကြာသပတေးနေ့က ပြောကြားခဲ့သည်။
မစ္စတာ ထနက်သည် Noble Development Plc ကို ထိန်းချုပ်ထားသော ထင်ရှားသော အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းစု၏ မျိုးဆက်တစ်ဦး ဖြစ်သလို ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကွက်ခဲသည့် လူထု ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (People’s Democratic Reform Committee) ၏ အကြီးပိုင်း အမြဲတမ်းအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သည်။
အဆိုပါတက်ကြွလှုပ်ရှားသူ၏ တနင်္ဂနွေနေ့ ပြောဆိုချက်တွင် တက်ကြွလှုပ်ရှားသူများနှင့် လုံထိန်းရဲတပ်ဖွဲ့များ အကြား စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည့် ဒင်းဒဲအဖြစ်အပျက်ကဲ့သို့ မမြင်ချင်တော့ဟု ဆိုသည်။
ကိုဗစ်ရောဂါကူးစက်ခံထားရသည့် တက်ကြွလှုပ်ရှားသူနှစ်ဦးကို ကုသမှုပေးနေသော ထိန်းသိမ်းရေးဌာနဆေးရုံမှ တဆင့် တီမားဆက်တက္ကသိုလ်ဆေးရုံသို့လွှဲပြောင်းပေးရန်အတွက် တရားမျှတရေးဝန်ကြီးဌာနသို့ ချီတက်တောင်းဆိုမည့် တနင်္လာနေ့စုဝေးလှုပ်ရှားမှုတွင်လည်း ပါဝင်သွားမှာဖြစ်သည်ဟူ၍လည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားခဲ့သည်။
ဒင်းဒဲအဖြစ်အပျက်သည် မျက်ရည်ယိုဗုံးများ၊ ရေအမြှောက်ကားများနှင့် ရာဘာကျည်ဆံများကို အသုံးပြုသော ပြင်းထန်သည့် ဖြိုခွင်းနှိမ်နင်းမှုတစ်ခုမှ အစပြုပြီး ညနေတိုင်းတွင် လူငယ်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များအကြား ပဋိ့ပက္ခများ ဖြစ်ပွားလာသည့် အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်။
တနင်္ဂနွေနေ့ ဒင်းဒဲတက်ကြွလှုပ်ရှားမှုတွင် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁၅ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။
မြို့ပြရဲတပ်ဖွဲ့ဗျူရို၏ လက်ထောက်မဟာမင်းကြီး ရဲချုပ် ပီရ ထာဝီချိုင်၏ ပြောကြားချက်အရ စနေနေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင် ၈ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့သည် ပါရှိသော်လည်း တက်ကြွလှုပ်ရှားသူ ဘယ်နှဦးခန့်က ထိခိုက်ဒဏ်ရာရရှိသည်ကိုမူ ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပါ။
ဘာသာပြန် – အောင်မျိုးမြတ်
ရင်းမြစ် – Bangkok Post