မော်လမြိုင် ၊ မတ် (၃)

ဘဏ်တွေ ပိတ်ထားတဲ့အတွက် ငွေကြေးစီဆင်းမှု ရပ်တန့်ပြီး အရောင်းအဝယ်အေးနေလို့ မတ်ပဲစျေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေပါတယ်။

အရင်နှစ်တွေနဲ့ ကာလတူ နှိုင်းယှဉ်ရင် မတ်ပဲ အချိန် (၆၀) ကို ကျပ်ငွေ ကိုးသောင်းကျော် ရရှိရမှ အခုဆိုရင် ကျပ်ငွေ ရှစ်သောင်းကျော်သာ ရရှိတော့တာပါ။

အခုလို ဘဏ်တွေ ဆက်ပိတ်ထားမယ်ဆိုရင် မတ်ပဲစျေးဟာ အောက်ဆုံးကို ထိုးကျသွားပြီး တောင်သူတွေမှာ ဆုံးရှုံးမှုတွေ ပိုမိုဖြစ်လာနိုင်တယ်လို့ မွန်ပြည်နယ် ပဲ ၊ နှမ်း လုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က သုံးသပ်ထားပါတယ်။

“ ကာလတူနှိုင်းယှဉ်ရင် တစ်သောင်းလောက် စျေးကျသွားတယ်။ အရှေ့လကဆို မတ်ပဲက အထွက်လှိုင်တယ်။ အခုလို ဘဏ်တွေပိတ်ထားမယ်ဆိုရင် မတ်ပဲစျေးက တော်တော် ထိုးကျသွားမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးခရီးတွေ ပိုမိုကြန့်ကြာပြီး ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာတယ်လို့လည်း ​ပြောပါတယ်။

“သယ်ယူပို့ဆောင်ရေးအနေနဲ့လည်း ကာဖျူး ထုတ်ထားတော့ ကားတွေက ညဘက်မောင်းလို့မရတော့ မန္တလေးကို ကုန်တင်မယ်ဆို ခါတိုင်း ၂ရက်နဲ့ ရောက်မယ့်နေရာမှာ အခုက ၄ရက်လောက် ကြာတာပေါ့။ ရောက်တဲ့နေရာမှာ ၈နာရီထိုးတယ်ဆိုတာနဲ့ အိပ်။ နောက်တစ်ချက်က ကားခတွေက ဆီဈေးတက်လာတာလည်းပါတယ်။ ရက်ကြန့်ကြာတဲ့အတွက် ကားခတွေက ဈေးတက်လာတယ်”လို့ ဦးကျော်ခိုင်မြင့်က ဆိုပါတယ်။

မွန်ပြည်နယ် စျေးကွက်မှာတော့ အခြေခံစာသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ဆီ စျေးတွေကတော့ တဖြည်းဖြည်း မြင့်တက်နေပြီး ကြက်သွန် နဲ့ ပဲစျေးနှုန်းတွေကတော့ ကျဆင်းနေပါတယ်။

ရွှေစျေးကတော့ ဆက်တိုက်မြင့်တက်နေပေမယ့် ဘဏ်တွေမှာ ငွေသွင်းငွေထုတ် လုပ်လို့မရလို့ အရောင်းအဝယ် အေးနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.