မော်လမြိုင် ၊ ဇန်နဝါရီ (၆)

ပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုရင် တတိယနေရာတစ်ခုမှာ ဘယ်အဖွဲ့အစည်းနှင့်မဆို လက်ခံ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီနဲ့ NLD  ကိုယ်စားလှယ်အဖွဲ့ဟာ  ဇန်နဝါရီလ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ ကနဦး သဘောတူထားပေမယ့် နေရာ ညိုနှိုင်းအဆင်မပြေတာကြောင့် နှစ်ဖက်တွေ့ဆုံမှု ပျက်သွားခဲ့ပါတယ်။

NLD ပါတီနဲ့ နောက်ထပ်တွေ့ဆုံသွားဖို့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီကို မေးမြန်းရာမှာ အခုလို‌ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ နိုင်ငံအရေးကိစ္စ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းနဲ့မဆို လက်ခံဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ် ဘယ်အဖွဲ့အစည်းက ဖြစ်စေ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ကျွန်တော်တို့က ပြည်ထောင်စုအကျိုးကို ရှေးရှုးပြီးတော့ လက်ခံဆွေးနွေးသွားဖို့ ဆန္ဒရှိပါတယ် သို့သော် လက်ခံတွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန်လေးစားမှု အပြန်အလှန်တန်းတူထားရှိမယ်ဆိုရင် တတိယနေရာ ဘယ်နေရာမဆို ကျွန်တော်တို့က လက်ခံဆွေးနွေးသွားဖို့ အသင်ပါ” လို့ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောပါတယ်။

NLD ဘက်ကတော့ မွန်ညီညွတ်ရေးပါတီနဲ့ နောက်ထပ်တွေ့ဆုံဖို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“ဒီမှာတွေ့တာကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ တင်ပြမယ်။ ဒီကို ထပ်လာခဲ့အုံး ဒါမှမဟုတ် အခြားနေရာ သွားဆိုလည်း သွားရမှာပေါ့။ ဒါကတော့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ပေါ်မှာ မူတည်တယ်”လို့ ဆိုပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ မွန်ညီညွတ်ရေးပါတီက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး (၁၉၄၇) မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေနဲ့ (၁၉၄၇) ဖဆပလ ပမာဏ ညီလာခံမှာ သဘောတူထားတဲ့ အခြေခံမှု (၁၄)ချက် အပါအဝင် အခြားအကြောင်းအရာတွေကို ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ မွန်ပါတီက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.