မော်လမြိုင် ၊ ဒီဇင်ဘာ(၁၁)

ကိုဗစ်ကာလ မွန်ပြည်နယ်အတွင်းကို ခရီးသွားဝင်ရောက်မှု (၇၀)ရာခိုင်နှုန်းထိ လျော့ကျခဲ့လို့ ဟိုတယ်ခရီးသွားလုပ်ငန်းအချို့ ရပ်နားလိုက်ရပါတယ်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်ပြီး ပြည်တွင်းမှာလည်း နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်ကို ကန့်သတ်မှုတွေ ရှိလာတာကြောင့် အခုလို ခရီးသွားဝင်ရောက်မှု လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားလျော့ကျလာတာနဲ့အတူ ဟိုတယ်ခရီးသွားလုပ်ငန်းတွေမှာ ဝင်ငွေနည်းလို့ ဆက်လက် လည်ပတ်ဖို့ အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။

အခုလို အခြေအနေတွေကြောင့် ဟိုတယ်ခရီးသွားလုပ်ငန်းအချို့ ရပ်နားလိုက်ရပြီး ကိုဗစ်ကာလအလွန်မှာ ပြန်လည်ထူထောင်နိုင်ဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

“လက်ရှိ ပြောရမယ်ဆိုရင် တော်တော်များများကပေါ့နော် Income မလာတဲ့အခါကျတော့ Outcome မရတဲ့အခါကျ တော့ လုံးဝကို ရပ်သွားတာ၊ တောင်းဆိုချင်တာတော့ လောလောဆယ်ဆယ်မှာတော့ ဘာမှလည်း ဆက်လုပ်လို့မရတဲ့အခါကျတော့ ပွင့်လင်းရာသီရောက်တဲ့အခါကျရင် ကျွန်တော်တို့လုပ်ငန်းတွေကို ပွင့်လင်းမြင်သာအောင် လုပ်ပေးဖို့နော်”လို့ ဇော်မိသားစု ခရီးသွားလုပ်ငန်းမှ ကိုဇော်က ပြောပါတယ်။

အခုလို လုပ်ငန်းအချို့ ရပ်နားလိုက်တဲ့အတွက် သူတို့ကို မှီခိုနေတဲ့ ဝန်ထမ်းတွေကတော့ အလုပ်လက်မဲ့တွေ ဖြစ်ခဲ့ရပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကတော့ လုပ်ငန်းရှင်တွေ ကြုံတွေ့နေတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်အောင် အစိုးရမှ ချေးငွေတွေနဲ့ ကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေသလို လိုင်စင်သက်တမ်း တစ်နှစ်စာ လျှော့ပေးတာတွေလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“အမတို့ဝန်ကြီးဌာနကနေပြီးတော့ လုပ်ငန်းရှင်တွေ လုပ်ငန်းလိုင်စင်ပေးထားတဲ့ ဟိုတယ်တို့၊ တယ်ခိုရိပ်သာတို့၊ ခရီးလှည့်လည်ရေးတို့၊ ဒီဧည့်လမ်းညွှန်တို့၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်တွေအတွက်ကို တစ်နှစ်စာ လိုင်စင်တွေ လျှော့ပေးတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့တော့ လုပ်ငန်းရှင်တွေကို ချေးငွေတွေကို ထုတ်ချေးပေးတယ်၊ ဝန်ထမ်းလစာထပ်ပြီး ပေးနိုင်ရအောင်ပေါ့၊ နောက် လူမှုဖူလုံရေးအသင်းကနေပြီးတော့ လူမှုဖူလုံရေးဝင်ထားတဲ့ သူတွေအတွက်ကို သူတို့ဝင်ထားတဲ့ စရိတ်ကနေပြီးတော့ ထောက်ပံ့ကြေးပေးတယ်”လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၂၃)သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၈)သိန်းကျော်သာ ဝင်ရောက်ခဲ့တာပါ။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.