မော်လမြိုင် ၊ အောက်တိုဘာ (၂၆)

ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးတဲ့နောက်မှာ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၀၀၀၀)ကျော် တိုးလာတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

ပထမအကြိမ် မဲစာရင်းမှာတော့ မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်သာ ပါဝင်ခဲ့ပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာပြီးတဲ့နောက်မှာ မဲဆန္ဒရှင် (၁၈ ) သိန်းကျော် ပါဝင်ခဲ့တာပါ။

နောက်ဆုံးအကြိမ် မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၁၄ ရက်တိုင် ကပ်ထားအပြီးမှာတော့ မဲစာရင်း ထပ်တိုးလာတာဖြစ်ပါတယ်။

အာ့ဒီအထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှ စတင်မဲပေးမယ့် လူငယ် (၁)သိန်းကျော်လည်း ပါဝင်ပါတယ်။

“ဒုတိယအကြိမ် မဲစာရင်းကပ်ထားပြီးတော့ ပုံစံ(၃) (၄-ဂ) တွေနဲ့ လာဖြည့်တာတွေ ရှိတယ်။အာ့ဒီမှာ ၁၈သိန်း လေးသောင်းကျော်ရှိတယ် ဒုတိယအကြိမ်ကပ်ပြီးတဲ့ အထိပေါ့။ထပ်ပြင်တာတွေ ရှိမယ်ဆိုရင် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်မှာ ကပ်ထားကြေညာပေးပါမယ်”လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

မဲစာရင်းမှာ မိမိအမည် မပါတာတွေ ဒါမှမဟုတ် အချက်အလက်မှားယွင်းမှုတွေ ရှိနေမယ်ဆိုရင် သက်ဆိုင် ရာ ရပ်ကျေးကော်မရှင်အဖွဲ့တွေမှာ ပြင်ဆင် ဖြည့်စွက်နိုင်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၇)သန်းကျော်ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ်(၅)သန်းကျော် ပါဝင်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၃)သန်းကျော် တိုးလာတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.