မော်လမြိုင် ၊ အောက်တိုဘာ (၂၃)
နှင်းဆီပါတီဝင်တွေအနေနဲ့ NLD ကလွဲပြီး အခြားပါတီတွေကိုသာ မဲပေးသွားမယ်လို့ ပါတီစည်းရုံးရေးမှူးတွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက ပြောဆိုလိုက်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလောင်းအရေအတွက် ဒုတိယအများဆုံး ယှဉ်ပြိုင်မယ့် ညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲ မတိုင်မှီမှာ ဖျက်သိမ်းခဲ့ရတာပါ။
ပါတီဝင်စာရင်းတွေအရတော့ မွန်ပြည်နယ်အတွင်းမှာ နှင်းဆီပါတီရဲ့ အမာခံဝန်ရံသူ (၁)သိန်းဝန်းကျင်း ရှိတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ NLD ကလွဲပြီး အခြားပါတီတွေကိုသာ မဲပေးဖို့ ရပ်ကျေးပါတီဝင်တွေကို ပြောဆိုထားတယ်လို့ နှင်းဆီပါတီ မွန်ပြည်နယ်စည်းရုံးရေးမှူးက ပြောပါတယ်။
“ပြည်နယ်စည်းရုံးရေးမှူးတွေက ရပ်ကျေးတွေကို ပွင့်ပွင့်လင်းလင်းပြောတာလေ၊ မနီရင်ပြီးရော ကျန်တဲ့ပါတီကို ကြိုက်တာထည့်လို့ရတယ်လို့ ပြောထားတယ်၊ ရပ်ကျေးတွေကတော့ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီတွေလှည့်လည်တဲ့အခါ ဝန်းရံပေးတယ်လို့ ကြားသိရတယ် ” လို့ မွန်ပြည်နယ်စည်းရုံးရေးမှူး မင်းစိုးသန်းက ဆိုပါတယ်။
မြေပြင်အခြေအနေမှာတော့ ပါတီဝင်တစ်ချို့ဟာ USDP ပါတီနဲ့ ပူးပေါင်းသွားပြီး အချို့ပါတီဝင်တွေကတော့ တိုင်းရင်းသား ပါတီဝင်တွေကို ဝန်းရံနေတယ်လို့ နှင်းဆီပါတီ မွန်ပြည်နယ် တာဝန်ခံ စောငြိမ်းချမ်းက ပြောပါတယ်။
“မွန်ပြည်နယ်မှာ တိုင်းရင်းသားပါတီတွေကိုပဲ အားပေးဖို့ပြောထားတယ်၊ နောက်ကြောင်းပြန်မလှည့်ဘူး၊ တစ်ချို့ရပ်ကျေးတွေက ပေါင်းသွားတာတွေရှိတယ်၊ အပေါ်ကပါတီအနေနဲ့ သီးသန့်ညွန်ကြားထားတာတော့ မရှိပါဘူး၊ ချိတ်ဆက်ဆောင်ရွက်ထားတာတော့မရှိပါဘူး အနီးကပ်မှပါ ” လို့ ပြောပါတယ်။
ပါတီဝင်တွေမှာတော့ NLD ကြောင့် နှင်းဆီးပါတီပျက်ခဲ့ရတယ်ဆိုတဲ့ ခံစားချက်တွေရှိနေတာကြောင့် အခြားပါတီတွေကိုသာ ဝန်းရံနေတာ ဖြစ်တယ်လို့ နှင်းဆီပါတီဝင်တစ်ဦးက အခုလို ပြောပါတယ်။
“အဓိကက NLD ကြောင့် နှင်းဆီပါတီပျက်တယ်ဆိုပြီး တော်တော်များများက ခံစားနေရတယ်။ ကြံ့ခိုင်ရေးနဲ့ ပူးပေါင်းတဲ့ အဖွဲ့တွေလည်း ပူးပေါင်းကြတယ် အချို့ကတော့လည်း မွန်ပါတီနဲ့ ပူးပေါင်းကြတယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် အချို့နှင်းဆီပါတီဝင်တွေက NLD ကို ဝန်းရံနေကြတာကိုလည်း တွေ့ရပါတယ်။
ဖျက်သိမ်းခဲ့ရတဲ့ နှင်းဆီပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးထွန်းလင်းလင်းကတော့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့အတွက် NLD ပါတီကိုသာ ဝန်းရံသွားမယ်လို့ ဆိုပါတယ်။
“အမေ ဒေါ်အောင်ဆန်းစုကြည် တိုင်းနဲ့ပြည်နယ်က လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတွေကို အကောင်းမွန်ဆုံး ရွေးချယ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မှန်ကန်အောင် ရွေးချယ်နိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ပဲ NLD ကို ကျွန်တော်ဝန်းရံပါတယ်”လို့ ပြောပါတယ်။
နှင်းဆီပါတီအနေနဲ့ အချို့မြို့နယ်တွေမှာ ပြည်ခိုင်ဖြိုးပါတီကို လာရောက်တွေ့ဆုံ ကမ်းလှမ်းတာတွေရှိပြီး စည်းရုံးရေးကာလမှာ လာရောက်ပူးပေါင်းပါက ကောင်းတဲ့အလားလာတစ်ခုဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောပါတယ်။
“” အချို့မြို့နယ်တွေမှာ လာတွေ့တာတို့ကမ်းလှမ်းတာတို့ကြားတယ်၊ တရားဝင်လာပြီးပြောကြဆိုကြတာတော့ တိတိကျကျမသိသေးဘူး၊ ဒီချိန်က စည်းရုံးရေးဆိုတော့ မည်သူမဆိုစည်းရုံးနေတာလေ၊ မည်သူမဆိုစည်းရုံးတယ်ဆိုတော့ ကျွန်တော်တို့ကို အဲ့လို အဖွဲ့အစည်းတစ်ခုလာပေါင်းတယ်ဆိုတော့ ဒါလဲ ကောင်းတဲ့ အလားအလာတစ်ခုပါ”လို့ ဆိုပါတယ်။
နှင်းဆီပါတီဗဟိုကတော့ ပါတီဝင်တွေကို အခြားပါတီတွေထံ ဝင်ရောက်ဖို့ ညွှန်ကြားထားတာ မရှိဘူးဘူးလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာတော့ နှင်းဆီပါတီဟာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။
သတင်း – ရဲနိုင်