မော်လမြိုင် ၊ အောက်တိုဘာ ၂၃

ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးသူတွေ အချိန်တိုတိုနဲ့ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ ကော်မရှင်ကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ ကိုယ်စားလောင်းတွေက တောင်းဆိုလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ကျင်းပရမှာ ဖြစ်ပါတယ်။

မဲရုံတွေရဲ့ သတ်မှတ်ချက်အရ  မဲရုံ ၁ ရုံမှာ မဲဆန္ဒရှင် အနည်းဆုံး ၃၀၀ ကနေ ၃၀၀၀ အထိ ရှိပါတယ်။

မဲဆန္ဒရှင်အားလုံးနီးပါးဟာ မဲစာရင်းအမှတ်စဉ်ကို မသိတာကြောင့် ရွေးကောက်ပွဲနေ့မှာ အချိန်ကြန့်ကြာမှုကို ဖြစ်စေနိုင်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဦးမောင်မောင်ဇော်ထွန်းက ဆိုပါတယ်။

“မဲရုံမှာ လူသိပ်များတဲ့အခါ မြန်မြန်ပေးဖို့ လိုတာပေါ့ ။ ရပ်ကွက်ကော်မရှင်ရုံးကို လာကြည့်တဲ့သူတွေကိုပဲ မဲစာရင်း အမှတ်စဉ်ကို သိတာပေါ့ ။ မဲစာရင်းအမှတ်စဉ်ကို သိတဲ့အခါ မကြန့်ကြာဘဲ မြန်မြန်ပေးလို့ ရတာပေါ့”လို့ ပြောပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကတော့ အချက် ၇၀ ကျော်ပါဝင်တဲ့ မဲရုံပြင်ဆင်ခြင်းနဲ့ မဲရုံအတွင်းအပြင် လုပ်ဆောင်ရမယ့်အချက်တွေ၊ မဲရုံဝန်ထမ်းတွေနဲ့ လုပ်အားပေးသူတွေ၊ မဲလာပေးကြတဲ့သူတွေ လိုက်နာရမယ့်အချက်တွေအပါအဝင်  COVID-19 ရောကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနဲ့အညီဆောင်ရွက်မယ့် ထုတ်ပြန်ချက်တစ်စောင်ကို ခုလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကော်မရှင်ရဲ့ လက်ရှိ စံသတ်မှတ်ချက်တွေအရ သတ်မှတ်အချိန်အတွင်းမှာ မဲဆန္ဒရှင်အားလုံး အချိန်မှီမဲပေးနိုင်မှာ မဟုတ်တဲ့အတွက် ပြန်လည်ပြင်ဆင်သင့်တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

“ကော်မရှင်က အခုသတ်မှတ်ထားတဲ့ ပုံစံအတိုင်းဆို ကျွန်တော်တို့က မဲရုံ တစ်ရုံမှာ လူ နှစ်ထောင် သုံးထောင်လောက် ရှိတယ်။ လူတစ်ယောက် တစ်မိနစ်နှုန်းဆိုရင်တော့ မိနစ် နှစ်ထောင် သုံးထောင်လောက် ကုန်မှာ။ကိုဗစ်အရ တစ်ယောက်ကို ၆ပေ အခြားဆို အယောက်တစ်ရာဆို ပေ(၆၀၀) ဖြစ်သွားမှာ။ခုရှိနေတဲ့ပုံစံက ဘယ်လိုမှ စီမံခန့်ခွဲလို့ မရနိုင်ဘူး”လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်က ပြောပါတယ်။

ကော်မရှင်ရဲ့ စံလုပ်ငန် လမ်းညွှန်အပိုင်း (၂)မှာတော့ မဲရုံကိုလာရောက်သူတွေ အပူချိန်မြင့်မားပါက လုပ်ဆောင်ရမယ့်အချက်တွေ၊  ကွာရန်တင်းဝင်နေသူများ ကြို တင်မဲပေးဖို့နဲ့၊ကိုဗစ်-၁၉ လူနာတွေပါ မဲပေးဖို့ ပါဝင်ပါတယ်။

 ဆန္ဒမဲပေးပြီးလို့ လက်သန်းမင်တို့ရာမှာ  အယ်လ်ကိုဟော ၇၀ ရာခိုင်နှုန်းနဲ့ ဖျော်စပ်ထားတဲ့မှင်ကို အဝကျယ်ခွက်နဲ့ထားရှိအသုံးပြုဖို့ ၊ လူစုလူဝေးမဖြစ်ပေါ်ရေးနဲ့ မဲလာပေးသူ တစ်ဦးဦးမှာ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် မြင့်တက်နေပါက အရိပ်ရနေရာမှာ ၁၅ မိနစ်ခန့်နားပြီး အဖျား ပြန်လည်တိုင်းတာနိုင်အောင် သီးသန့်နေရာပြင်ဆင်ထားဖို့တွေ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.