မော်လမြိုင် ၊ အောက်တိုဘာ (၂၂)
Stay at home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ လှည့်လည်အင်းအားပြတာတွေ မလုပ်ဖို့ ပါတီ ထောက်ခံသူတွေကို မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။
မော်လမြိုင်မြို့ကို stay at home နေထိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားပြီး စက်ရုံ ၊ အလုပ်ရုံတစ်ချို့ နဲ့ စားသောက်ဆိုင် အချို့ ပိတ်ထားရပါတယ်။
အခြားအင်းအားကြီးပါတီတွေရဲ့ ဝန်းရံသူတွေက မော်လမြိုင်မြို့ပေါ် လှည့်လည်အင်အားပြနေသလို မွန်ပါတီထောက်ခံသူတွေကလည်း လှည့်လည်အင်းအာပြဖို့ စီစဉ်နေတာကြောင့် အခုလို မေတ္တာရပ်ခံရတာ ဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ နိုင်အောင်သိန်းက ပြောပါတယ်။
“ပြည်သူတွေက ရောဂါကူးမှာကြောက်လို့ အိမ်ထဲကနေတောင် မထွက်ကြဘူး။ကျွန်တော်တို့က ဒီလိုလုပ်နေမယ်ဆိုရင် ပြည်သူတွေရဲ့ စိုးရိမ်မှုကို ပိုပြီးတော့ ဖြစ်စေတယ် ။ အင်အားပြပြီး လှည့်လည်တာမျိုးကို မလုပ်ဘူး အားလည်း မပေးဘူး”လို့ ဆိုပါတယ်။
Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ လှည့်လည်မဲဆွယ်စည်းရုံးတာတွေနဲ့ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေကို လုံးဝမလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်ထားပါတယ်။
ဒါပေမယ့်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်တွေကို မလိုက်နာပဲ NLD ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေက မော်လမြိုင်မြို့မှာ လှည့်လည်အင်အားပြခဲ့ပါတယ်။
ဒီအပေါ်မှာတော့ သက်ဆိုင်ရာ ကော်မရှင်နဲ့ကျန်းမာရေးဌာနက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့တာ မရှိခဲ့ပါဘူး။
ဝန်းရံသူတွေ လှည့်လည်အင်းအားပြတာကို သက်ဆိုင်ရာ ပါတီတွေကသာ ကြပ်မတ်ထိန်းသိမ်းရမယ်လို့ မော်လမြိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ပြောပါတယ်။
“နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေအတွက် ထားရှိတဲ့ ကျင့်ဝတ်နဲ့ပတ်သက်လာရင် ကျင့်ဝတ်အခန်း(၄) မှာ ပါတီကိုယ်စားဆောင်ရွက်သူတွေ ပါတီထောက်ခံသူတွေ ဝန်းရံသူတွေကို ပါတီကသာ တာဝန်ယူ တာဝန်ခံရမယ်”လို့ ပြောပါတယ်။
အခုလို အင်းအားပြ လှည့်လည်နေတာကို ကော်မရှင်အနေနဲ့ ဘယ်လိုတိတိကျကျ အရေးယူမလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် နော်ဆာထူးက မေးခွန်းထုတ်လိုက်ပါတယ်။
“ဥပဒေက ချမှတ်ထားတဲ့ ကျင့်ဝတ်တွေကို ကျွန်မတို့ ကိုယ်စားလှယ်တွေက လိုက်နာရမယ်။ စည်းမျဉ်းစည်းကမ်းတွေ ချထားတယ် ။ မလိုက်နာဘဲ လုပ်တဲ့အပေါ်မှာ ကော်မရှင်က ဘယ်လိုအရေးယူဆောင်ရွက်မလဲ ။ ဒါကို ကျွန်မတို့ သိချင်တယ်”လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကိုတော့ မော်လမြိုင်မြို့နယ်မှာ နိုင်ငံရေးပါတီ ၈ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်