မော်လမြိုင် ၊ အောက်တိုဘာ (၂၁)
မဲလက်မှတ်မှာ နှင်းဆီတံဆိပ်နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမယ်ဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
နှင်းဆီပါတီလို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေလို့ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကို ခုလ ၁၇ ရက်နေ့က ပယ်ဖျက်ခဲ့တာပါ။
အာ့ဒီလို ပါတီဖျက်သိမ်းပြီးတဲ့နောက်မှာ ဆန္ဒမဲလက်မှတ်တွေကို အသစ်ထပ်မံ ရိုက်နှိပ်ဖို့ မဖြစ်နိုင်သလို နှင်းဆီပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်ပါတဲ့ မဲလက်မှတ်တွေမှာ မှင်နီတားဖျက်ဖို့လည်း အချိန်မမှီတော့တာကြောင့် အခုလို ဆောင်ရွက်ရတာလို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ပယ်မဲအဖြစ်သတ်မှတ်တာနဲ့ ပတ်သက်ပြီး မြို့နယ်ကော်မရှင်တွေဆီ တရားဝင်အကြောင်းကြားစားနဲ့ ညွှန်ကြားချက်တွေ မရောက်လာသေးဘူးလို့ ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။
“တရားဝင် အကြောင်းကြားတာတော့ မရှိသေးဘူး ။ udp ပါတီကို မဲပေးမယ်ဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်ဆိုတာတော့ uec ရဲ့ fb page မှာ ကြေညာထားတာ တွေ့တယ်”လို့ ရေးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝါဝါချိုက ပြောပါတယ်။
မဲလက်မှတ်မှာ udp ပါတီကို ထင်ထင်ရှားရှားမဖျက်ထားဘဲ ပယ်မဲအဖြစ် သတ်မှတ်မယ်ဆိုရင် မဲဆန္ဒရှင်တွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ရပ်ကျေးကော်မရှင်တွေက ပြောပါတယ်။
ရေးမြို့၊ သီရိခေမာရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်ဝင်းက ” မြို့နယ်ကော်မရှင်ကလည်းပြောတယ်၊ သူတို့ကို ဘယ်လိုဖျက်ရမလဲဆိုတာ မညွှန်ကြားသေးဘူး၊ အခက်အခဲရှိလာနိုင်တယ်၊ မဖျက်လို့တော့မရဘူး၊ဖျက်ဖို့ဆိုတာကလည်း ပယ်မဲစည်းကမ်းချက်ကလည်းရှိသေးတယ်၊ ကြိုတင်မဲထည့်မယ့်ကာလည်းရောက်တော့မယ်ဆိုတော့ ခုထိမညွှန်ကြားရသေးဘူး ” လို့ သီရိခေမာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်ဝင်းက ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဟာ နိုင်ငံတစ်ဝှမ်းမှာ ကိုယ်စားလှယ်လောင်း ၁၁၃၀ ဦးနဲ့ ဒုတိယ အများဆုံးယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်ပါတယ်။
၁၉၉၀ နောက်ပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ယှဉ်ရင် မဲလက်မှတ်မှာ ပါတီနှင့်ကိုယ်စားလှယ်လောင်း ပါဝင်ပေမယ့် ဆန္ဒမဲပေးရင် ပယ်မဲဖြစ်တာဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ ထူးခြားချက်တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – ရဲနိုင်