မော်လမြိုင် ၊ အောက်တိုဘာ (၈)

မွန်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းသူတွေဆီကနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာ  (၂၀) ဦးအထိရှိလာတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က စပြီးတော့ မွန်ပြည်နယ်ဝင်မယ့် ကုန်ကားတွေကို ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားအဝင်အထွက်မှာ စစ်ဆေးနေတာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာမည့်ကုန်တင်ယာဉ်တွေကို ရေးမြို့နယ်အဝင်ဂိတ်နဲ့ ကရင်ပြည်နယ်ကနေ ဝင်ရောက်လာမည့်ယာဉ်‌တွေကို သထုံမြို့နယ်စစ်‌ရေးဂိတ်တွေမှာ ကိုဗစ် ၁၉ ရောဂါပိုးရှိ မရှိကို စစ်ဆေးနေတာပါ။

ယခုလို စစ်ဆေးတဲ့အခါမှာ ကျိုက်ထိုမှာ (၁၃) ဦး၊ သထုံမြို့နယ်မှာ ၂ ဦးနဲ့ ရေးမြို့နယ်အဝင်ဂိတ်မှာ ၅ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါပိုး စစ်‌ဆေးတွေ့ရှိခဲ့တာပါ။

“ဒါက ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့လေ၊ ဒီကုန်တင်ယာဉ်မောင်းတွေကို မော်လမြိုင်ဘက်က လာတာရော၊ ထားဝယ်ဘက်က လာတာရော၊ ကုန်တင်ယာဉ်သမားတွေကို စစ်တယ်၊ Test Kit နဲ့စစ်တယ်၊ ဒီနေ့ပါဆိုရင် ၃ ရက်ရှိပြီးပေါ့၊ ပထမရက်မှာ ၄ ယောက်တွေ့တယ်၊ မနေ့က တစ်ယောက်တွေ့တယ်၊ ရေး Hospital Quarnatine ကို ပို့ဆောင်ထားတယ်၊ ပိုးတွေ့တဲ့သူ ၅ ယောက်ပေါ့၊ သူတို့နဲ့အတူ ပါလာတဲ့သူ ၃ ယောက်ကျတော့ CBFQ ပို့ထားတယ်ပေါ့”လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အခြားတိုင်းဒေသကြီး/ပြည်နယ်တွေကနေ  မွန်ပြည်နယ်ကို မည်သည့်ယာဉ်မှ ဝင်ခွင့်မပြုဘဲ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့အတွက်သာ  ကုန်တင်ယာဉ်တွေကို ဝင်ခွင်ပြုနေတာပါ။

အခုလို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုတော့ ကျန်းမာရေးဌာနက အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ Antigen Rapit Test Kit နဲ့ စစ်ဆေးပေး‌နေတာဖြစ်ပြီး တစ်ခါစစ်ရင် တစ်ဦးကို ငွေကျပ် နှစ်သောင်းပေးဆောင်ရမယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုဝန်ကြီးရုံးကနေပြီးတော့မှ ထွက်လာတဲ့စာပေါ့နော်၊ ဒီစစ်ဆေးတဲ့ Test Kit တစ်ကြိမ်စစ်ရင် နှစ်သောင်းပေါ့နော်၊ ဒါက သူတို့ တရားဝင်စာထွက်လာတာပေါ့၊ အောက်တိုဘာ ၅ ရက်နေ့ ရက်စွဲနဲ့၊ အဲဒီ Test Kit တွေက ပြည်ထောင်စုနိုင်ငံတော်အစိုးရကနေပြီးတော့မှ Test Kit ရဲ့ အရည်‌အသွေးနဲ့ အဖြေမှန်နိုင်တဲ့ နှုန်းတွေက သူတို့ ကျွမ်းကျင်ပညာရှင်နဲ့ စမ်းသက်စစ်ဆေးပြီးတော့မှ အသိအမှတ်ပြုတဲ့ဟာ ဝယ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။”လို့  သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသင်းသင်းအိက ပြောပါတယ်။

ဒါအပြင် တစ်ရက်အတွင်း ကောက်ခံရရှိလာတဲ့ ငွေတွေကိုတော့ Bank ကနေတဆင့် နိုင်ငံတော်အစိုးရရဲ့ ရငွေစာရင်းထဲကို ထည့်သွင်းရတယ်လို့ ဆိုပါတယ်။

Test Kit နဲ့ စစ်ဆေးရာမှ ပိုးတွေ့ရှိပါက သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးမှာဖြစ်ပြီး ၎င်းနဲ့ ဆက်စပ်ထိတွေ့ခဲ့သူကိုတော့ သက်ဆိုင်ရာမြို့နယ်က CBFQ စခန်းမှာ စောင့်ကြည့်ကန့်သတ်ထားမယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၇ ရက်နေ့ည ထုတ်ပြန်ချက်အထိ စာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ( ၃၄၄ )ဦးအထိ ရှိပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.