မော်လမြိုင် ၊ အောက်တိုဘာ ၈

မွန်ညီညွတ်ရေးပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကလွဲပြီး ဘယ်ပါတီကိုမှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲတစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တချို့ကနေ တက်ရောက်နာထောင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြိုင်ဘက်ပါတီဝင်တချို့ကနေ ဝေဖန်တိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် မွန်ညီညွတ်ရေးပါတီက အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။

“တိုင်းရင်းသားပါတီတွေကလွဲရင် အခြားသောဘယ်ပါတီကိုမှ မဟာမိတ်ဖွဲ့ထားတာ မရှိပါဘူး။ အခုလို ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးအားကောင်းနေချိန်မှာ အခြားသော ပြိုင်ဘက်ပါတီတွေက တိုက်ခိုက်လိုစိတ်နဲ့ ကျွန်တော်တို့က အခြားပါတီတွေနဲ့ ပူးပေါင်းနေသလိုလို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနေသလို ပြောဆိုမှုတွေကို ကျွန်တော် ပယ်ချပါတယ်”လို့ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောပါတယ်။

မွန်ညီညွတ်ရေးအနေနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီ ပါဝင်တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ခုနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF တို့နဲ့လည်း မိတ်ဖက်ဆက်ဆံရေးရှိပါတယ်။

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဟောပြောတဲ့နေရာမှာ တက်ရောက်နားထောင်မယ့်လူတွေ ဘယ်သူ ဘယ်ဝါဖြစ်ရမလဲဆိုတာ ကန့်သတ်ထားတာမရှိဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

 “ပါတီတစ်ခုက စည်းရုံးတဲ့အခါ သူ့ပါတီဝင်ကိုပဲ စည်းရုံးရမယ်လို့ ကမ္ဘာပေါ်မှာလည်း ဘယ်သူမှ မသတ်မှတ်ထားဘူး။အာ့ကြောင့် သူ့ပါတီဝင် မဟုတ်တဲ့သူတွေကို စည်းရုံးတာကလည်း မဲဆွယ်စည်းရုံးခြင်းရဲ့ အနှစ်သာရပဲလေ ဒါကြောင့် မွန်ပါတီမဲဆွယ်ချိန်မှာ ကြံ့ခိုင်ရေးဖြစ်ဖြစ် အခြားဘယ်သူပဲဖြစ်ဖြစ် တက်ရောက်နားထောင်တာက ပြဿနာ မဟုတ်ဘူး”လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ မွန်ပြည်နယ်လူထုဆုံရပ်မှ ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်ထွန်းက ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ လာမယ့်ရွေးကောက်ပွဲမှာ မွန် ၊ ကရင် ၊ တနင်္သာရီဒေသအပြင် ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာ ကိုယ်စားလှယ်လောင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.