မော်လမြိုင် ၊ အောက်တိုဘာ (၈)

ကိုဗစ်ကာလ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးတွေကို တယ်လီဖုန်းနဲ့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်မယ့် အစီအစဉ်ကို မွန်ပြည်နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့က စတင် ဆောင်ရွက်နေပါတယ်။

ဒီအစီအစဉ်ကိုတော့ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)နဲ့ အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့(မွန်ပြည်နယ်)တို့ ပူးပေါင်းပြီး ဆောက်ရွက်နေတာ ဖြစ်ပါတယ်။

ဆေးရုံဆေးခန်းတွေ ပိတ်ထားတဲ့ ဒေသနဲ့ lock down ပြုလုပ်ထားတဲ့ ဒေသက ပြည်သူတွေ ကျန်းမာရေးအခက်အခဲတွေရှိရင် ဆက်သွယ်မေးမြန်းနိုင်အောင် ရည်ရွယ်ပြီး အခုလို ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိမိနေထိုင်ရာ မြို့နယ်တွေကနေ သက်ဆိုင်ရာဆရာဝန်ကြီးများကို တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး တိုင်ပင်ဆွေးနွေးနိုင်တဲ့အပြင် လိုအပ်ရင် ပါရဂူဆရာဝန်ကြီးတွေနဲ့ ချိတ်ဆက်ဆွေးနွေးနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။

“ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ကနေပြီးတော့ သားဖွားမီးယပ်တို့လို အကြံဉာဏ်မျိုး လိုချင်လို့ ရှိရင် ဒီသားဖွားမီးယပ်ဆရာဝန်က ဒီလူနာအကြောင်းကို တိုက်ရိုက်ညွှန်ကြားပေးမယ်၊ ထိရောက်စွာကုသပေးမယ်၊ ဒါကြောင့် အနောက်ကနေပြီးတော့ အထူးကုဆရာဝန်အဖွဲ့က ရပ်ပြီး ပံ့ပိုးပေးထားတာ၊ တက်နိုင်တဲ့ ဉာဏ်ပညာအားနဲ့ ပံ့ပိုးပေးထားတာပါ။” မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) ဥက္ကဋ္ဌ ဒေါက်တာ တင်နွဲ့ဝင်းက ပြောပါတယ်။

ယခုအစီအစဉ်ကို အောက်တိုဘာလ ၃ ရက်နေ့ကစပြီး ကိုဗစ်ရောဂါအခြေအနေထိန်းချုပ်နိုင်မည့် အနေအထားမရောက်အချင်း အတက်နိုင်ဆုံး ဝန်ဆောင်မှု ပေးသွားမှု ပေးသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ဆက်သွယ်မေးမြန်းလိုပါက Myanmar Medical Association- Mawlamyine Facebook Page မှာ ဆက်သွယ်ရမယ့် ဆရာဝန်တွေရဲ့ ဖုန်းနံပါတ်နဲ့ အချိန်စာရင်းတွေကို ဖော်ပြထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.