စက်တင်ဘာလ (၈)ရက်နေ့က အန်အယ်ဒီပါတီ ဝန်းရံသူတွေကို တွေ့ရစဉ်

မော်လမြိုင် ၊ အောက်တိုဘာ (၇)

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ(NLD)ရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမယ်လို့ nld ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပါတီမူဝဒါတွေကို ကိုယ်စားလှယ်လောင်းတွေက ပြောဆိုရာမှာ ကွဲလွဲတာတွေ ရှိတဲ့အတွက် လိုက်လံရှင်းလင်းနေရလို့ ကိုယ်စားလှယ်လောင်းတွေကို ပြောဆိုခွင့် မပေးတော့ဘဲ ဗဟိုကသာ ပြောဆိုသွားတော့မယ်လို့ ဆိုပါတယ်။

“ မူဝါဒတွေကိုတော့ ဗဟိုကပဲ ရှင်းလင်းပြောကြားပါမယ်။ သူတို့ပြောဆိုတဲ့အခါ မူဝါဒတွေနဲ့ ကွဲလွဲတာတွေရှိလို့ နောက်ကနေ လိုက်ရှင်းနေရတယ်။ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအတွေ့အကြုံတွေ ဒေသအတွေ့အကြုံတွေကို ကျွန်တော်တို့ မပိတ်ပါဘူး”လို့ nld ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒါပေမယ့်ကိုယ်စားလှယ်လောင်းတွေရဲ့ ဒေသဖွံ့ဖြိုးရေးမူဝါဒတွေကိုတော့ ပါတီက ပိတ်ပင်ထားတာမရှိဘဲ လွတ်လပ်စွာ ပြောဆိုခွင့်ပေးထားတယ်လို့ NLD ပါတီဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ဗဟိုကတော့ မပြောရဘူးလို့ တားတာ မကြားမိဘူး ။တိုင်းနဲ့ပြည်နယ်က ခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ဆိုင်မယ်ထင်တယ်။ အချို့ကိုယ်စားလှယ်လောင်းတွေကျတော့ မပြောရဲကြဘူး စိုးရိမ်ကြတယ်”လို့ ဆိုပါတယ်။

မြေပြင်အခြေအနေမှာတော့ ကိုယ်စားလှယ်လောင်းတစ်ချို့ကို မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်တာတွေနဲ့ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့်အစီအစဉ်တွေကို ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

သတင်းဌာနတွေမှာ NLD ကိုယ်စားလှယ်လောင်းတွေ အင်တာဗျူးမဖြေတာကတော့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ သက်ဆိုင်ပြီး မဲဆွယ်စည်းရုံးရေးဆင်းနေတာကြောင့် မအားလပ်လို့လည်း ဖြစ်နိုင်တယ်လို့ NLD ပါတီ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်က ပြောပါတယ်။

“ အခုတော့ စည်းရုံးရေးလုပ်နေတော့ အလုပ်တွေရှုပ်နေကြပြီး အင်တာဗျူးလုပ်ဖို့ အချိန်မရကြဘူး။ ကိုယ်စားလှယ်လောင်းတွေက သူတို့ဟာနဲ့သူတို့ မအားကြဘူး ။ ပြောဆိုတာနဲ့ပတ်သက်ပြီး အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌကိုပဲ ကျွန်မတို့ လွှဲထားလိုက်တယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ပါတီအသီးအသီးက ကိုယ်စားလှယ်လောင်းတွေကို အင်တာဗျူးရာမှာ ပြန်လည် ဖြေဆိုတာတွေ ရှိပြီး NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို အင်တာဗျူးရာမှာတော့ ပြန်လည်ဖြေဆိုတာတွေက အင်မတန်နည်းတယ်လို့ DVB သတင်းဌာနရဲ့ သတင်းထောက် ဇော်လွင်ထွဋ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ မဲဆွယ်စကား ပြည်သူတွေ သခင်ဖြစ်ဖို့ nld ကို မဲပေးပါဆိုတဲ့စကားတွေ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ တိုင်းရင်းသားပါတီတွေကို မဲပေးချင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုရလာမှာ မဟုတ်ဘူးလို့ ပြောဆိုချက်တွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.