မော်လမြိုင် ၊ အောက်တိုဘာ (၇)
ပွင့်လင်းမြင်သာမှုမရှိတဲ့ငွေကြေးသုံးစွဲမှုအပေါ် ထိရောက်တဲ့အရေးယူမှု မရှိတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (၂) ဦးနဲ့ အဖွဲ့ဝင် (၂) ဦးတို့ နှုတ်ထွက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပိုလျှံရန်ပုံငွေကနေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အသုံးပြုဖို့ ချပေးခဲ့တဲ့ ငွေကျပ်သိန်း (၁၂၀၀)ကျော်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် သုံးစွဲရာမှာ ငွေကြေးကွာဟမှုတွေ ရှိခဲ့တာပါ။
ဦးဟိဏ်းလင်းထက်မှ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတဲ့ပစ္စည်းစာရင်းနဲ့ အစိုးရအဖွဲ့ကို တင်ပြတဲ့ ပစ္စည်းစာရင်း မတူညီတဲ့အပြင် ကွန်ပျူတာတွေ ကျပ်သိန်း (၂၅၀) ဖိုးဝယ်ယူရာမှာ ဘောင်ချာက ရက်စွဲမပါဘဲ ငွေကြေးကွာဟမှုတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီအခြေနေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြခဲ့ပေးမယ် ထိရောက်တဲ့ အရေးယူမှုတွေ မရှိတာကြောင့် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ(ဟောင်း) ၊ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် (၂) ဦးတို့က နှုတ်ထွက်ခဲ့ကြပါတယ်။
“ ဒီနှစ် မတ်လ ၁ ရက်နေ့ကမှ UEC က ဒုချုပ်ဦးစီးအဖွဲ့နဲ့လာစစ်သွားတယ်၊ ကနဦးစုံစမ်းစစ်ဆေးရေးတော့ သက်သေတွေ ထုတ်ပြပြီး စစ်တယ်၊ တစ်ညအိပ်ပြီးတော့ ပြန်သွားတယ်၊ အဲဒါပြီးတော့ ဘာမှ ထပ်မစစ်ဘူး၊ အရေးယူတာ မတွေ့ရဘူး၊ စာလည်းပြန်ကြားတာ မတွေ့ရဘူး၊ နောက်ပိုင်းမှာ အဲဒါကို မကျေနပ်တော့ ဒီ ၈ လပိုင်း လောက်မှာ ပြန်စုံစမ်းတော့ သူ့ကို နှစ်တိုးလစာရပ်ဆိုင်းတဲ့ အပြစ်ပဲပေးပြီးတော့၊ ဒီအတိုင်း ကျွန်တော်တို့တွေကိုတောင်အကြောင်းဘူး၊ UEC ကအများလေးစားရတဲ့သူ ခုကခွဲခြားဆက်ဆံရတယ်လို့ ခံစားရတယ်၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ UEC က ပုဂ္ဂိုလ်တွေက ဒီဝန်ထမ်းတစ်ယောက်ကိုတောင် ပွင့်လင်းမြင်သာမှု ရှိစွာ စစ်ဆေးဆုံးဖြတ်တာမရှိရင် ရွေးကောက်ပွဲတစ်ခုလုံးက ပွင့်လင်းမြင်သာမှု ရှိမယ်လို့ ဘယ်လိုယုံကြည်ရမှာလည်းဗျာ”လို့ နှုတ်ထွက်ခဲ့တဲ့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်ဦးက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအတွက် ပရင်တာဆေးမှင်တောင့်များကို UEC ရဲ့သတ်မှတ်အရည်အတွက်အတိုင်း ဝယ်ယူဖြန့်ဝေခြင်းမရှိပဲ ၎င်းအစားကွန်ပျူတာလက်တော့ နဲ့ ပရိုဂျက်တာတွေဝယ်ယူခဲ့ပြီး မြို့နယ်ရုံးတွေကိုဖြန့်ဝေပေးတဲ့ပြေစာမှာတော့ ဆေးမှင်တောင့်တွေကို သက်မှတ်အရည်အတွက်တိုင်း လက်ခံရရှိခဲ့ကြောင်း လက်မှတ်ထိုးစေခဲ့တယ်လို့ နှုတ်ထွက်ခဲ့တဲ့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။
“မှင် ၃၇၁ တောင့် ကိစ္စရယ်၊ ကွန်ပျူတာအလုံး ၅၀ ရဲ့ ဈေး သိန်း ၂၅၀ ကွာဟနေတာတွေကို ပြည်နယ်အစိုးရ အဖွဲ့ကို ကျွန်တော်တင်ပြတယ်၊ ၃. ၁၂. ၂၀၁၉ ရက်နေ့မှာပေါ့၊ အဲနောက်ပိုင်းမှာ သထုံခရိုင်ဥက္ကဌက ကျွန်တော့်ကို ခဏခဏမေးတယ်၊ သူတင်ပြတာနဲ့ပတ်သက်ပြီး ဘာထူးလဲ၊ ကျွန်တော်ကပြောလိုက်တယ်၊ အစိုးရအဖွဲ့က ဘာမှ အကြောင်းမပြန်ဘူး၊ အဲနောက်ပိုင်းမှာ ကျွန်တော်ကျန်းမာရေးမကောင်းတာလည်း ပါတာပေါ့၊ နောက်ဒီကိစ္စထဲ ဝင်ရှုပ်မခံနိုင်ဘူး၊ ၂၀. ၁. ၂၀၂၀ ရက်နေ့မှာ အလုပ်ကနေ ထွက်ခဲ့တယ်”လို့ ဆိုပါတယ်။
ယခုကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက်အား သံလွင်တိုင်းသတင်းဌာနမှ ၄ ရက်နေ့ညပိုင်းမှ ယခုသတင်းမဖော်ပြမီ နာရီပိုင်းအလိုထိ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။
သတင်း – နွန်နွန်