မော်လမြိုင် ၊ အောက်တိုဘာ (၇)

မဲဆွယ်စည်းရုံးရေးမှာ သဘင်သည်တွေ ဝန်းရံလို့ရပေမယ့် လူစုလူဝေးဖြစ်အောင် ဖျော်ဖြေရေးတွေမလုပ်ဖို့ အစိုးရက တားမြစ်လိုက်တယ်လို့ မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲကာလမှာတော့ အနုပညာရှင်တွေဟာ မိမိဝန်းရံတဲ့ ပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ လိုက်ပါဖျော်ဖြေလေ့ ရှိပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ ချောင်းဆုံမြို့နယ် မဲဆွယ်စည်းရုံးရေးတစ်ခုမှာ ဇတ်မင်းသားတစ်ဦးက ဖျော်ဖြေခဲ့လို့ လူစုလူဝေးဖြစ်ပြီးတဲ့နောက်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်က နှုတ်မိန့်နဲ့ အခုလို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“အစိုးရက ကန့်သတ်တယ်ဆိုတာက လူစုလူဝေးဖြစ်အောင် ဖျော်ဖြေရေးတွေ  ပါတီကို ကူညီပေးလို့ ရတယ် ဝန်းရံပေးလို့တယ် ။ ဖျော်ဖြေရေးတွေလုပ်လို့ လူစုလူဝေးဖြစ်လာပြီး တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့လည်း မကောင်းဘူး သူတို့လည်းမကောင်းဘူးပေါ့”လို့ မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ စိုးသီဟက ပြောပါတယ်။

မဲဆွယ်စည်းရုံးရေးတွေမှာ သဘင်သည်တွေရဲ့ ဖျော်ဖြေခွင့်ကို လုံးဝပိတ်ပင်တာမျိုးမဟုတ်ဘဲ လူစုလူဝေးမဖြစ်အောင် ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဖျော်ဖြေခွင့်တော့ ပေးသင့်တယ်လို့ ဇတ်မင်းသားတစ်ဦးဖြစ်တဲ့ သိုက်ဟံသာက ပြောပါတယ်။

“လူစုလူဝေးမဖြစ်ပဲနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေ ဖျော်ဖြေခွင့် ရှိသင့်တယ် ။ကိုဗစ်ကြောင့် လူစုလူဝေးမဖြစ်ဖို့ အရေးကြီးတာ ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တွေနဲ့အညီ လုပ်ဆောင်သွားမယ်ဆိုရင် ဖျော်ဖြေခွင့် ပေးသင့်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးမှာ အနုပညာရှင်တွေ ပါဝင်ခဲ့တာကြောင့် ဝန်းရံသူတွေ အမြောက်အများရှိခဲ့ပြီး စည်းကားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.