မော်လမြိုင် ၊ အောက်တိုဘာ (၁)

လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်မယ့်သူတွေကို သင်တန်းမပေးနိုင်သေးဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ မဲရုံ ၉၇၃ ရုံဖွင့်လှစ်ဖို့ လျာထားပြီး အဲဒီမဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်အဖြစ် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွေကို ရပ်နားထားရပါတယ်။

ကော်မရှင်ကတော့ ကိုဗစ်ကန့်သတ်ချက်ကြောင့် သင်တန်းမပို့ချပေးနိုင်ဘူးဆိုရင် လမ်းညွှန်စာအုပ် ဗီဒီယိုဖိုင်တွေနဲ့ မဲရုံမှူး ဒုမဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေကို ရွေးကောက်ပွဲဆိုင်ရာအသိပညာတွေကို ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ဆက်လုပ်လို့မရဘူးဆိုရင် လမ်းညွှန်စာအုပ်တွေ ဗီဒီယိုဖိုင်တွေနဲ့ လုပ်ဖို့ရှိတယ်။ဒါကတော့ ကိုဗစ်စိန်ခေါ်မှုအတွက် ကြိုပြင်ဆင်ထားတာပေါ့။ ဗီဒီယိုမှတ်တမ်းဖိုင်တွေနဲ့ သင်ကြားပို့ချတာတွေ ရပ်ကျေးတွေမှာ စာအုပ်တွေကြည့်ပြီး ဆွေးနွေးတာတွေကို ဆက်လုပ်သွားဖို့ ရှိပါတယ်”လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

မဲရုံတစ်ရုံမှာ မဲရုံမှူး ၁ ဦး၊ ဒုတိယမဲရုံမှူး ၁ ဦး၊ မဲစာရင်းစစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံလုံခြုံရေး ၁ ဦးနဲ့ လက်မှင်တို့ပေးတဲ့အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦးသတ်မှတ်ထားပြီးတော့ လိုအပ်ပါက မဲရုံဝန်ထမ်းတိုးချဲ့ခန့်အပ်နိုင်တယ်လို့ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်မှာ ဖော်ပြထားပါတယ်။

ဒုတိယအကြိမ် မဲစာရင်းအရတော့ မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော်ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ်တစ်သိန်းကျော် ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.