မော်လမြိုင် ၊စက်တင်ဘာ ၃၀

ဒုတိယအကြိမ် ကပ်ထားကြေညာမယ့် မဲစာရင်းကို အွန်လိုင်းကနေ ကြည့်ရှုနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။။

ဒုတိယအကြိမ် မဲစာရင်းကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားကြေညာပေးထားမှာဖြစ်သလို အွန်လိုင်းကနေ ကြည့်နိုင်အောင် ကော်မရှင်က လုပ်ဆောင်ထားတာပါ။

သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာတော့ မဲစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကြည့်နိုင်အောင် ကပ်ထားကြေညာသွားမယ်လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးထင်ကျော်က ပြောပါတယ်။

“ပထမအကြိမ်လိုပဲ ရပ်ကျေးရုံးတွေမှာ ကပ်သွားပါမယ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း (၆)ပေအကွာနဲ့ ကြည့်နိုင်အောင် စီစဉ်ထားပါတယ်”လို့ ဆိုပါတယ်။

အွန်လိုင်းကနေ မဲစာရင်းကြည့်မယ့်သူတွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အင်တာနက်စာမျက်နှာကနေတဆင့် ကြည့်နိုင်သလို မဲစာရင်းကို ကြည့်နိုင်တဲ့ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို ဒေါင်းလုပ်လုပ်ပြီးတော့လည်း ကြည့်နိုင်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ ပါ မပါ ဒါမမဟုတ် မဲစာရင်းအချက်အလက်မှားတာတွေရှိမယ်ဆိုရင် ရပ်ကျေးကော်မရှင်အဖွဲ့တွေမှာ လိုအပ်တဲ့ပုံစံတွေ တောင်းပြီးတော့ ပြင်ဆင် ဖြည့်စွက်ရမှာပါ။

မဲစာရင်းမှာ အမည်မပါရင် ပုံစံ (၃) လျှောက်ရမှာဖြစ်ပြီးတော့ အချက်အလက် မမှန်ဘူးဆိုင်ရင် ပုံစံ (၄-ဂ) ပြင်ဆင်ဖြည့်စွက်ရမှာပါ။

ကွယ်လွန်ပြီးသူတွေ  မဲပေးပိုင်ခွင့်မရှိသူတွေ ပါဝင်နေရင်တော့ အထောက်အထားနဲ့တကွ ပုံစံ (၄) နဲ့ လျှောက်ထားပြီး ကန့်ကွက်ရမှာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်မှာ တပ်မတော်နဲ့ အတူနေမိသားစုဝင်တွေအပါအဝင်  မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၉ သောင်းကျော်ရှိတယ်လို့ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.